နျူကလီးယား ကန့်သတ်ချက်အားလုံးကို ပယ်ချရန် အီရန်သမ္မတ အမိန့်ထုတ်

By AFP
05 September 2019
နျူကလီးယား ကန့်သတ်ချက်အားလုံးကို ပယ်ချရန် အီရန်သမ္မတ အမိန့်ထုတ်

တီဟီရန်၊ စက်တင်ဘာ ၅ ။         ။ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်က ကတိကဝတ်တွေကို သုံးကြိမ်မြောက် ပယ်ဖျက်လိုက်ခြင်းအဖြစ် အီရန််သမ္မတ ဟတ်ဆန််ရိုဟာနီက အမိန့်ထုတ် ညွှန်ကြားလာပါတယ်။

အဲဒီ သဘောတူညီချက်မှာ ပါရှိတဲ့ နျူကလီးယားသုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပေါ် ကန့်သတ်ပိတ်ပင်ထားချက်အားလုံးကို ပယ်ချပစ်ရန် သမ္မတ ရိုဟာနီက ဗုဒ္ဓဟူးနေ့မှာ အမိန့်ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် ထပ််တိုးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာပြီး အချိန်ပိုင်းမှာပဲ အီရန်သမ္မတက ခုလို ကြေညာချက်ထုတ် တုံ့ပြန်လာတာပါ။

အမေရိကန်နိုင်ငံဟာ အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့တာအပါအဝင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကနေ ပြီးခဲ့တဲ့နှစ် မေလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရားဝင်နုတ်ထွက်သွားချိန်ကစပြီး တင်းမာမှုတွေ ဖြစ်တည်နေတာပါ။

အီရန်နဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ဖြစ်တဲ့ ဥရောပသုံးနိုင်ငံဟာ ဒီ သဘောတူညီချက် အသက်ဆက်ရေးနဲ့ တင်းမာမှုတွေ လျှော့ချနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေကြပါတယ်။

ဒါပေမယ့် အီရန်သမ္မတ ရိုဟာနီဟာ ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်ငါးနိုင်ငံရယ်၊ ဂျာမနီရယ် ပါဝင်တဲ့ သဘောတူညီချက်ပါ ကတိကဝတ်တွေကို ပယ်ချဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ညွှန်ကြားချက် ထုတ်လာတာ ဖြစ်ပါတယ်။

“တတိယမြောက် ခြေလှမ်းအဖြစ် ကျွန်တော် ကြေညာပါယ်။ အီရန် နျူကလီးယားစွမ်းအင်အဖွဲ့အနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လိုအပ်သမျှကို ချက်ချင်းပဲ ဖော်ဆောင်လုပ်ကိုင်ကြဖို့ အမိန့်ပေးညွှန်ကြားပါတယ်။ သဘောတူညီချက်ပါ ကတိကဝတ်တွေကို လိုက်နာစရာ မလိုတော့ဘဲ ရှေ့ဆက်လုပ်ဆောင်သွားကြပါတယ်။”ဆိုပြီး ရိုဟာနီက ရုပ်သံကနေ မိန့််ခွန်းပြောကြားခဲ့ပါတယ်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly