ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပဖို့ ဗြိတိန်ဝန်ကြီးချုပ် တောင်းဆိုချက်ကို လွှတ်တော် ပယ်ချ

By BBC
05 September 2019
ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပဖို့ ဗြိတိန်ဝန်ကြီးချုပ် တောင်းဆိုချက်ကို လွှတ်တော် ပယ်ချ

လန်ဒန်၊ စက်တင်ဘာ ၅ ။         ။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အထွေထွေ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပဖို့ တောင်းဆိုချက်ကို လွှတ်တော်အမတ်တွေက ပယ်ချလိုက်တာကြောင့်ဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်မှာ နှစ်ကြိမ်တိုင် အရေးနိမ့်မှုနဲ့ ပက်ပင်းကြုံရပါတယ်။

အီးယူကနေ ဗြိတိန်နုတ်ထွက်မှု Brexit အရေးမှာ သဘောတူညီချက်မဲ့ နုတ်ထွက်မှုကို တားမြစ်မယ့် ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေးအတွက် အစောပိုင်းက လွှတ်တော်အမတ်တွေရဲ့ မဲပေးဆုံးဖြတ်ခဲ့မှုဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အတွက် ပထမဆုံး အရေးနိမ့်မှု ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာ နောက်ဆုံးဖြစ်တဲ့ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု Brexit အရေးမှာ နုတ်ထွက်ရေး လုပ်ငန်းစဉ်တစ်ရပ်ရပ်ကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ အီးယူခေါင်းဆောင်တွေနဲ့ သဘောတူညီမှု ရအောင် မဖော်ဆောင်နိုင်ခဲ့ရင် သဘောတူညီချက်မဲ့ Brexit အဖြစ်နုတ်ထွက်ရမှာဖြစ်ပြီး အဲဒီလို မနုတ်ထွက်နိုင်အောင် ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်မှာ မဲခွဲပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်မှာ မဲပေးဆုံးဖြတ်ခဲ့တဲ့ အဲဒီ ဥပဒေဟာ စေ့စပ်ညှိနှိုင်းမှုတွေကို ချောင်ထိုးလိုက်တာ ဖြစ်တယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောဆိုပြီး တစ်ခုတည်းသော လမ်းကြောင်းက ရွေးကောက်ပွဲ ကျင်းပဖို့ပဲ ရှိတော့တယ်လို့ ပြောလာခဲ့ပါတယ်။

ဒါပေမယ့် အတိုက်အခံ လေဘာပါတီ ခေါင်းဆောင်ဂျာရီမီကော့ဘင်းကတော့ ဝန်ကြီးချုပ်ဟာ သဘောတူညီချက်မဲ့ Brexit ဖြစ်လာအောင် မရိုးမသား ကစားကွက်ခင်းနေတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

မဲခွဲဆုံးဖြတ်ထားတဲ့ ဥပဒေကြမ်းကို အတည်ပြုပြီးမှ ရွေးကောက်ပွဲ ကျင်းပရေးကို လေဘာပါတီအနေနဲ့ ထောက်ခံမှာဖြစ်ပြီး ဒီမတိုင်ခင်တော့ ထောက်ခံမှာ မဟုတ်ဘူးလို့ ဂျာရီမီကော့ဘင်းက ပြောပါတယ်။

SNP နဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီတွေကလည်း ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ စောပြီး ကျင်းပဖို့ တောင်းဆိုချက်ဟာ အီးယူကနေ သဘောတူညီချက်မဲ့ နုတ်ထွက်နိုင်အောင် ကြံစည်လုပ်ဆောင်ချက်ပဲ ဖြစ်တယ်ဆိုပြီး ဝေဖန်စွပ်စွဲကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly