ဘဏ်များမှ ငွေချေးထားသည့် လုပ်ငန်းရှင်များကို အရေးယူမည်ဟူသည့်ကိစ္စ ကောလာဟလ ဖြစ်ဟုဆို

ဘဏ်များမှ ငွေချေးထားသည့် လုပ်ငန်းရှင်များကို အရေးယူမည်ဟူသည့်ကိစ္စ ကောလာဟလ ဖြစ်ဟုဆို

နေပြည်တော်(စက်တင်ဘာ ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြည်တွင်းဘဏ်များမှ ချေးငွေ ရယူထားသည့် လုပ်ငန်းရှင်များကို အရေးယူမည်ဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းမှာ ကောလာဟလသာဖြစ်သည်ဟု ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“ဒါတွေက အပြင်ဘက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ အဲ့တော့ ပြည်သူလူထုရဲ့ အကြားမှာပေါ့နော်။ ထွက်ပေါ်လာတဲ့ သတင်းတွေရဲ့ အပေါ်မှာ ထင်ယောင်၊ ထင်မှား ဖြစ်နေတဲ့ ကိစ္စပဲ ဖြစ်တယ်” ဟု ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သူ ဒေါ်ခန်စန်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်တာဝန်ရှိသူများနှင့် ကော်မတီအကြား စက်တင်ဘာ ၃ရက်က တွေ့ဆုံစဉ် ဗဟိုဘဏ်ဘက်က ပြောကြားချက်ကို ကိုးကားကာ စက်တင်ဘာ ၄ရက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဗဟိုဘဏ်အနေနဲ့တော့ အများကြီး ထိန်းကျောင်းနေပြီး ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာနဲ့ နေပါ။ သူတို့ဘက်ကနေပြီးတော့ ပြောစရာရှိရင် အသိပေးစရာရှိရင် ဒါကို ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်ပါမယ်လို့ ဒီလိုလေး ကျွန်မတို့ကို ပြောသွားတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ ဗဟိုဘဏ်ဥက္ကဌ အပါအဝင် ထွက်စာတင်ထားသည်ဟု သတင်းထွက်နေသော ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးစိုးသိန်းနှင့် ဌာန်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တစ်ဖက်တွင်လည်း လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် ချေးယူထားသည့် ငွေများကို ယခုလကုန်တွင် ပြန်လည်ပေးဆပ်ကြရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။

ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးသိန်းက “ဗဟိုဘဏ်အနေနဲ့ Individual ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ပြဿနာတွေကို  တတ်နိုင်သလောက်လည်း ညှိနှိုင်းဆောင်ရွက်ပေးပြီးပါပြီ။ အချိန်တွေလည်း အများကြီးစောင့်ခဲ့ပြီးပါပြီ။ ဒါကြောင့်မို့လို့ နောက်ထပ် ထပ်ပြီးတော့  ဒီဥစ္စာတွေကို  လျှော့ပြီးတော့ ဆောင်ရွက်ဖို့ဆိုတဲ့ အနေထားမျိုး  မရှိဘူး” ဟု ဩဂုတ်လ ၂ရရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုဖြေကြားချက်သည် ဗဟိုဘဏ်၏ ရည်တည်ချက်များနှင့် ကိုက်ညီမှုမရှိဟု ဗဟိုဘဏ်က စက်တင်ဘာ ၂ရက်တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည့်။

ဗဟိုဘဏ်၏ သဘောသဘာဝအရ နောက်ဆုံးအားထားရာ ဘဏ်များ၏ လိုအပ်ချက်ရှိလျှင် Lender of Last Resort အဖြစ် ဘဏ်များ၏ လိုအပ်ချက်ရှိလျှင် အပြည့်အဝကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly