အခြေခံဥပဒေ သီးခြားပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီ ကြိုးပမ်းမှု ထပ်မံရှုံးနိမ့်

အခြေခံဥပဒေ သီးခြားပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီ ကြိုးပမ်းမှု ထပ်မံရှုံးနိမ့်
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်အမတ်များ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၄ရက်၊ ၂၀၁၉ခုနှစ်)။   ။ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယအကြိမ်မြောက် တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းကို အာဏာရ NLD အမတ် အများစု ပါဝင်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်းသို့ ထည့်သွင်းရန် ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်လိုက်သည်။

မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ ၅၉၈ဦးအနက် ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်း ထည့်သွင်းရန် ၃၇၆ဦးက ထောက်ခံခဲ့ပြီး ၂၀၃ဦးက ကန့်ကွက်ကာ ကြားနေ ၄ဦး ရှိခဲ့သည်။

ယင်းဆုံးဖြတ်မှုအပေါ် တပ်မတော်သားလွှတ်တော်အမတ် ဗိုလ်မှူးချုပ် မောင်မောင်က “ဘယ်လိုပဲ ထောက်ပြ ဆွေးနွေးသည် ဖြစ်စေပေါ့။ နောက်ဆုံးတော့လည်း ထုံးစံအတိုင်းပဲ မဲခွဲပြီးတော့ပဲ အတည်ပြုသွားတာပဲ ဖြစ်ပါတယ်။ အဲ့တော့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုပြီးတော့ ဒီမိုကရေစီကြီးက နားလည် ရခက်နေတယ်” ဟု မှတ်ချက်ပြုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပထမအကြိမ်အဖြစ် ယခုနှစ်ဆန်းပိုင်းကလည်း တင်သွင်းခဲ့ဖူးပြီး ပြည်ထောင်စုလွှတ်တော်က ယခုကဲ့သို့ပင် ဆုံးဖြတ်ခဲ့သည်။

“နှစ်ခါမှားရင်တော့ သမိုင်းက ပိုပြီးတော့ ဆိုသွားလိမ့်မယ်” ဟု အတိုက်အခံအမတ်တစ်ဦးဖြစ်သည့် ဦးသောင်းအေးက စိတ်ပျက်စွာ ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွှန့်ကမူ “အဆုံးအဖြတ်ယူရမယ်ဆိုတဲ့ အခါကျတော့ နာယကရဲ့ တာဝန်ပဲ ဖြစ်သွားတယ်။ နာယကရဲ့ တာဝန်ဆိုတော့ သူက ဆုံးဖြတ်ပေးလို့မရဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူပေးရတာပဲလေ” ဟု ဆိုသည်။

လက်ရှိတွင် လွှတ်တော်အမတ် ၄၅ဦးဖြင့် ဖွဲ့စည်းထားသော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အဆိုပြုချက်ပေါင်း ၃၇၆၅ချက်ပါ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးနောက် ဥပဒေကြမ်း ဆက်လက် ရေးဆွဲလျက် ရှိသည်။

ပူးပေါင်းကော်မတီတွင် NLD အမတ် တစ်ဆယ့်ရှစ်ဦးဖြင့် အများဆုံးပါဝင်ပြီး ဒုတိယအများဆုံးအဖြစ် တပ်မတော်သား ရှစ်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု သုံးဦးစီ၊ ရခိုင်အမျိုးသားပါတီက နှစ်ဦးနှင့် အခြား နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သည့် စုစုပေါင်း ၄၅ဦးဖြင့် ဖွဲ့စည်းထားသည်။

သို့သော် အာဏာရ NLD ပါတီ၏ သဘောထားသာ လွှမ်းမိုးနေ၍ဟု ဆိုကာ ရခိုင််အမျိုးသားပါတီ ကိုယ်စားပြု အမတ်နှစ်ဦးနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီအမတ် တစ်ဦး၊ စုစုပေါင်း ကော်မတီဝင် သုံးဦး နှုတ်ထွက်သွားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly