ဘဏ်လုပ်ငန်း ဂယက်ကြောင့် ရွှေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်တက်နေ

ဘဏ်လုပ်ငန်း ဂယက်ကြောင့် ရွှေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်တက်နေ
ဓာတ်ပုံ- AFP PHOTO = MYANMAR OUT

ရန်ကုန်။ စက်တင်ဘာ ၄ ။           ။ ပြည်တွင်း ဘဏ်လုပ်ငန်းကဏ္ဍတွင်ထွက်ပေါ်နေသည့် သတင်းများကြောင့် ရွှေအရောင်းအဝယ် သွက်ကာ စျေးမြင့်တက်နေကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
 “ကမ္ဘာမှာလည်း ရွှေစျေးက တက်နေတဲ့အနေ အထားမှာရှိပါတယ်။  အဲဒီလိုပဲ ပြည်တွင်းမှာလည်း ကောလာ ဟလ အချို့ကြောင့် တက်လာတာတွေလည်း ရှိပါတယ်။ ဘဏ်ကိစ္စကြောင့်ပြည်သူတွေက အထင်တစ် မျိုးစီ ဖြစ်ပြီးတော့ ဘဏ်ကနေ ငွေထုတ်တယ်။ရွှေကို ပြန်ဝယ်တဲ့ အခြေအနေတွေရှိပါတယ်။ ဘဏ်ကနေ ငွေထုပ် ကြီး ထုတ်ပြီး အသင်းမှာလာဝယ်တဲ့ ပုံစံမဟုတ်ပါဘူး။ ဆိုင်တွေမှာဝယ်ပါတယ်။  ဆိုင်တွေကနေအသင်း နဲ့ ချိတ်ပြီး၊ရောင်းကြဝယ်ကြတဲ့အခါမှာ ၊အရောင်းအဝယ်သွက်ပြီး၊ စျေးတက်သွားတာဖြစ်ပါတယ်” ဟု  ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးမျိုး မြင့်ကဆိုသည်။

ထို့အပြင်  ကမ္ဘာ့ရွှေစျေးမြင့်တက်ခြင်း၊  ပြည်တွင်းဒေါ်လာစျေးမြင့်တက်ခြင်း နှင့် ရွှေကုန်ကြမ်း ရှားပါးလာ ခြင်း စသည့် အချက်များကြောင့်လည်း ပြည်တွင်းရွှေစျေး မြင့်တက်လာရခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ရွှေစျေးနှုန်း တည်ငြိမ်စေရေး အစည်းအဝေးကိုပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ဦးမျိုးမြင့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက် အသင်းအနေဖြင့် ရွှေကို ကြိုရောင်းကြိုဝယ် မလုပ်ရန်၊ လက်ငင်းအရောင်းအဝယ်ပြုလုပ်ရန်နှင့်  ပမာဏများများဝယ်ယူမှုမပြုလုပ်ရန် စည်မျဉ်းများ ထုတ်ပြန်တားမြစ်် ထားကြောင်း သိရသည်။

“ရွှေကစျေးတက်မယ်ဆိုပြီးတော့ များများစားစား ဝယ်ခြင်းပြုခြင်းကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ ရောင်းချင် တဲ့ သူကတော့ ရွှေစျေးကျအောင် အများကြီး ရောင်းနိုင်ပါတယ်။ဝယ်တဲ့အခါမှာတော့ တစ်ဦးတစ် ယောက်ရဲ့ လက်ထဲကိုရောက်ရှိမသွားအောင် အဝယ်ကိုထိန်းသိမ်းဝယ်စေလိုပါတယ်” ဟု၄င်းက ဆက်လက် ပြောဆို သည်။

ကမ္ဘာ့ရွှေစျေးမှာ စက်တင်လာလ၃ရက်နေ့ မနက်ပိုင်းက တစ်အောင်စလျှင် ၁၅၃ဝဝန်းကျင် စျေးရှိပြီး၊ စက်တင် ဘာလ၄ရက်နေ့ မနက်ပိုင်းတွင် ၁၅၄၃ ဒေါ်လာအထိမြင့်တက်ခဲ့ရာ တစ်ရက်အတွင်းတစ်အောင်စလျှင် ၁၂ ဒေါ်လာ အထိ မြင့်တက်ခဲ့သည်။ ပြည်တွင်းရွှေစျေးမှာလည်း  စက်တင်ဘာ ၃ ရက်နေ့မနက်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၂၆၀၀၀၀ ကျပ် ဝန်းကျင်စျေးရှိပြီး၊ ညနေပိုင်း စျေးပိတ်ချိန်တွင် တစ်ကျပ်သားလျှင်  ၁၂၇၁၀၀၀ ကျပ်ထိမြင့်တက်ခဲ့သည်။

“ရွှေစျေးတက်ရတဲ့ အဓိက အကြောင်းအရင်းက ဘဏ်ဂယက်ကြောင့်၊ တစ်ချို့ကတတ်နိုင်သလောက် အပိုင်းတွေ လာဝယ်ကြတယ်။တစ်ချို့ငွေကြေးပြည့်စုံတဲ့သူတွေကျ ဆယ်ပိုင်း၊ အပိုင်းနှစ်ဆယ်ထိစျေးကွက် အတွင်းကနေဝယ်ယူတာတွေရှိတယ်”ဟုရွှေလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဦးဝင်းမြင့်ကဆိုသည်။

လက်ရှိတွင်  ပြည်တွင်းဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ချေးငွေပြသနာများကြောင့်  ပြည်တွင်းရွှေစျေး သာမက ဒေါ်လာငွေလဲနှုန်းပါလိုက်ပါ မြင့်တက် နေခြင်းဖြစ်သည်။ ပြည်တွင်းရွှေစျေးမှာ ကမ္ဘာ့ရွှေစျေး နှင့် ဒေါ်လာစျေးအတက်အကျပေါ် မှုတည်နေခြင်းဖြစ်ရာ လက်တလောတွင် ပြည်တွင်းရွှေစျေးကျနိုင်သည့် အခြေအနေတွင် မရှိသေးကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly