ပျောက်ဆုံးနေတဲ့ ကရင်တိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဘီလီ အသတ်ခံရခြင်းဖြစ်ဟု ထိုင်းရဲ အတည်ပြု

ပျောက်ဆုံးနေတဲ့ ကရင်တိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဘီလီ အသတ်ခံရခြင်းဖြစ်ဟု ထိုင်းရဲ အတည်ပြု
A portrait of missing Karen activist Porlajee “Billy” Rakchongcharoen is displayed at an event held in Kaeng Krachan district, Phetchaburi province, in 2017. The Department of Special Investigation said on Tuesday he was murdered. (File photo by Patipat Janthong)

စက်တင်ဘာ ၄ ။           ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ထိုင်းနိုင်ငံမှာ ပျောက်ဆုံးနေခဲ့တဲ့ ကရင်တိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖော်လကြီး (ခ) ဘီလီဟာ အသတ်ခံခဲ့ရလို့ သေဆုံးသွားခဲ့တာဖြစ်ကြောင်း ထိုင်းအထူး စုံစမ်းစစ်ဆေးရေးဌာန DSI က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖက်ချ်ဘူရီခရိုင်၊ ကဲန်ကရာချန် သစ်တောကြိုးဝိုင်း ရေလှောင်ကန်တစ်ခုမှာ မီးရှို့ခံထားရတဲ့ သူ့ရဲ့ ဦးခွံရိုး အပိုင်းအစတစ်ခုကို ရှာတွေ့ထားတယ်လို့ သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၄ ဧပြီလတုန်းက အသက် ၃၀ အရွယ် တက်ကြွလှုပ်ရှားသူ ဘီလီ ပျောက်ဆုံးသွားမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို DSI တာဝန်ရှိသူတွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘီလီ ကတော့ ကဲန်ကရာချန်အမျိုးသားသဘာဝသစ်တောထဲမှာ မူလ ဘိုးစဉ်ဘောင်ဆက်ကတည်းက အခြေချ နေထိုင်ခဲ့တယ်ဆိုတဲ့ ကရင်တိုင်းရင်းသားတွေ နှင်ထုတ်ခံရမှုကိစ္စမှာ ဦးဆောင်ရင်ဆိုင်ခဲ့သူဖြစ်ပြီး ဒီ ဧရိယာမှာ ကရင်တိုင်းရင်းသားတွေရဲ့ အိမ်တွေ ဖျက်ဆီးခံရမှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို တရားစွဲဆိုနိုင်ဖို့ ကူညီလုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ယခုလို ကရင်တက်ကြွလှုပ်ရှားသူ ဘီလီ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေ ရဖို့ စုံစမ်းစစ်ဆေးရာမှာ DSI စုံထောက်တွေနဲ့ အခြားအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ နဲ့ မေလ ၂၂ ၊ ၂၄ ရက်တို့မှာ ဆိုနာစနစ် တပ်ဆင်ထားတဲ့ ရေအောက်ယာဉ်တစ်စင်းနဲ့အတူ ရေငုပ်သမားတွေ သုံးပြီး ရေလှောင်ကန်အောက်ကို လိုက်လံရှာဖွေခဲ့ပါတယ်။

အဲဒီနောက် ဆီပေပါ တစ်လုံး၊ အဖုံးတစ်ခု၊ သံချောင်းနှစ်ချောင်း၊ မီးကျွမ်းထားတဲ့ သစ်သားအပိုင်းအစတစ်ခု၊ အရိုးနှစ်ချောင်းတို့ တွေ့ခဲ့ပါတယ်။ အရိုးတစ်ခုကတော့ လူသား ဦးခွံအပိုင်းအစ ဖြစ်ပြီး အဲဒါကတော့ ကရင်တိုင်းရင်းသား ဖော်လကြီးရဲ့ အပိုင်းအစတစ်ခုဖြစ်တယ်လို့ DSI က ကောက်ချက်ချသုံးသပ်ခဲ့ပါတယ်။

ခုလို ဖော်လကြီး သေဆုံးမှုအကြောင်းရင်းကို DSI အနေနဲ့ မသိသေးပေမယ့် အမှုကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ သူ့ရဲ့ ခန္ဓာကိုယ်ကို မီးရှို့ခဲ့တယ်လို့ ယုံကြည်ရကြောင်း DSI က ရဲမှူးကြီး Korawat က ပြောပါတယ်။

ယင်းနောက် သြဂုတ် ၂၈-၃၀ မှာ ယင်းနေရာကို ထပ်မံ ရှာခဲ့ရာမှာ နောက်ထပ် လူအရိုး ရှစ်ခုအပါအဝင် အခြား အရိုးပေါင်း ၂၀ လောက် တွေ့ခဲ့တဲ့အတွက် ထပ်မံ စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။

ဒီအမှုဟာ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုလို့ ကောက်ချက်ချပြီး သံသယရှိတရားခံတွေကို ဖော်ထုတ်နိုင်ဖို့ လုပ်နေကြောင်း DSI က ပြောပါတယ်။

ဖော်လကြီးကိုတော့ ၂၀၁၄ ဧပြီ ၁၇ ရက်က ပြည်နယ် တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရစဉ် နောက်ဆုံး တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

သူ အဖမ်းခံရချိန်တုန်းက ဖော်လကြီးဟာ ကဲန်ကရာချန် သဘာဝဥယျာဉ် အကြီးအကဲဟောင်း ချိုင်ဝက် လင်မ်လီကစ်အက်ဆွန်းကို တရားစွဲဖို့အတွက် ကရင်တိုင်းရင်းသားအဖွဲ့တစ်ခုကို လိုက်လံကူညီပေးနေခဲ့တာ ဖြစ်ပါတယ်။

ယင်းနောက်မှာတော့ ဖော်လကြီးကို ဖမ်းဆီးခဲ့တာက ဥပဒေနဲ့ မကင်းလွတ်တဲ့ ပျားရည်တွေ သယ်လာတာ တွေ့လို့ ဖမ်းခဲ့တာဖြစ်ကြောင်း၊ ယင်းနောက် သတိပေးမှုလုပ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းအချိန်က မစ္စတာ ချိုင်ဝက်က ပြောခဲ့ပါတယ်။

နောက်ပိုင်း မစ္စတာ ချိုင်ဝက်နဲ့ အပေါင်းပါတွေဟာ ဖော်လကြီး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ စွဲဆိုခံခဲ့ရပေမယ့် နောက်ပိုင်း သက်သေအထောက်အထား မလုံလောက်လို့ တရားသေ လွတ်နေခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly