ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော်တွင် မော်တော်ယာဉ်များ မီးရှို့ခံရ

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော်တွင် မော်တော်ယာဉ်များ မီးရှို့ခံရ
ဓာတ်ပုံ - သျှားထက်ပိုင်

ရန်ကုန် ၊ စက်တင်ဘာ ၄ ။        ။ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော်တွင် ကုန်တင်မော်တော်ယာဉ်များအပါအဝင် မော်တော်ယာဉ် ၇ စီး ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီခန့်က တားမြစ်ကာ မီးရှို့ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ မီးရှို့ခံရသော မော်တော်ယာဉ်များမှ ယာဉ်မောင်းများကို ကွတ်ခိုင်မြို့မှ ပရဟိတသမားများက သွားရောက်ကယ်ဆယ်ခဲ့ပြီး လက်ရှိအချိန်တွင် ကွတ်ခိုင်မြို့ပေါ်သို့ ပို့ဆောင်ပေးပြီးဖြစ်သည်ဟု နယ်စည်းမခြား ပရဟိတ(သီပေါ) အဖွဲ့မှ ကိုမျိုးက မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

“ကားသမား အယောက်နှစ်ဆယ် လောက်ပေါ့နော်၊ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ ညကျတော့ နယ်မြေအခြေအနေကြောင့် သွားမခေါ်နိုင်ဘူး။ မနက်ကျမှ သွားခေါ်ရတာ၊ အခုတော့ကွတ်ခိုင်မြို့ပေါ်ကို ပို့ပေးလိုက်ပြီ” ဟု ကိုမျိုးက ဆိုသည်။

မော်တော်ယာဉ်များကို လက်နက်ကိုင်အဖွဲ့မှ တားမြစ်ကာ လမ်းပေါ်၌ ကန့်လန့်ခံရပ်ခိုင်းပြီး ဖုန်းနှင့်ငွေများကို တောင်းယူခဲ့ကြောင်း ထို့နောက် ယာဉ်များကို ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းလည်းဖြစ်သည်။
မီးရှို့ခံရသည့် ယာဉ်များသည် မူဆယ်မှ ကုန်ပစ္စည်းများတင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ် ၊ ခွေးဘီလူး ၊ အေဒီဗင် စသည့် အမျိုးအစားများဖြစ်ပြီး စုစုပေါင်း ၇ စီး မီးလောင်ပျက်စီးခဲ့ရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့တို့အကြား ဖြစ်ပေါ် နေသည့် တိုက်ပွဲများအတွင်း မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခံရမှုသည် မကြာခဏဆိုသလိုဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ မော်တော်ယာဉ် ၁၀ စီးကျော် မီးရှို့ခံထားရပြီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly