ကိုရီးယားအစိုးရမှ ပညာရေးဝန်ကြီးဌာနသို့ ကျောင်းကားအစီး ၆၀ လှူဒါန်း

ကိုရီးယားအစိုးရမှ ပညာရေးဝန်ကြီးဌာနသို့ ကျောင်းကားအစီး ၆၀ လှူဒါန်း
စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတတို့ ကျောင်းကားများကို ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ-Thet Aung / AFP

စက်တင်ဘာ ၃ ။        ။ ကိုရီးယားအစိုးရမှ ကျောင်းကား အစီး ၆၀ အား ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးမှတဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသို့ စက်တင်ဘာ ၃ ရက်က လွှဲပြောင်းလှူဒါန်းခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုရီးယားပြည်သူများ ပိုမိုသိရှိလာစေရေးအတွက် ဘူဆန်မြို့ရှိ အာဆီယံယဉ်ကျေးမှုစင်တာတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပုဂံဒေသ၏ ယဉ်ကျေးမှုနှင့် သဘာဝရှုခင်းများအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပုံဖော်ပြသရေးကိစ္စရပ်များ၊ ကိုရီးယားသို့ မြန်မာလုပ်သားများ စေလွှတ်ရေးကိစ္စရပ်များအပါအဝင် အခြားကိစ္စရပ်များကို ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်နှင့်ရန်ကုန်သို့သွားရောက်မည်ဖြစ်သည်ဟု သိရသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းသည် ၎င်း၏ အာဆီယံ သုံးနိုင်ငံ ခရီးစဉ်၏ ဒုတိယခရီးစဉ်နေရာအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ခရီးစဉ်အပြီး မြန်မာနိုင်ငံသို့ ခုနစ်နှစ်တာကာလအတွင်း ကိုရီးယားသမ္မတတစ်ယောက်အနေဖြင့် ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်လည်း နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

စက်တင်ဘာ ၄ ရက်တွင် သမ္မတမွန်းသည် ရန်ကုန်သို့ သွားရောက်မည် ဖြစ်ပြီး စီးပွားရေးဖိုရမ်တစ်ခုတွင် တက်ရောက် မိန့်ခွန်းပြောကြားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly