လင်မယား စကားများရာမှ ရဲစခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

04 September 2019
လင်မယား စကားများရာမှ ရဲစခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ဒေးဒရဲမြို့နယ်၊ ကျုံဒါးရဲစခန်းမှ စခန်းမှူးတစ်ဦးသည် လင်မယားစကားများရာမှာ မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ဒေးဒရဲမြို့နယ်၊ကျုံးဒါးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စောလှဌေး (၄၅)နှစ်သည် ဇနီးဖြစ်သူနှင့်အတူ ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ၊ ဒေးဒရဲ အအေးခန်း ဧည့်ရိပ်သာတွင် တည်းခိုနေစဉ် စက်တင်ဘာ ၂ ရက် ည ၈ နာရီခန့်၌ လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ စခန်းမှူးက ၄င်းဇနီးအား သေနတ်ဖြင့် ညာဘက်ပေါင်သို့ နှစ်ချက်ပစ်ကာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသော စခန်းမှူး၏ ရုပ်အလောင်းကို စစ်ဆေးမှုများ ဆောင်ရွက်နေပြီး ဒဏ်ရာရသွားသည့် စခန်းမှူး၏ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာအား ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အမှုကို ဒေးဒရဲမြို့နယ်ရဲစခန်းတွင် သေမှုသေခင်းအမှုအမှတ် ၁၂/၂၀၁၉ဖြင့် အမှုဖွင့်လှစ် စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly