စစ်ဘေးရှောင်စခန်း ဆိုသည့်အစား တိုက်ပွဲရှောင်စခန်းဟု သုံးနှုန်းရန် တပ်ကိုယ်စားလှယ်တောင်းဆို

စစ်ဘေးရှောင်စခန်း ဆိုသည့်အစား တိုက်ပွဲရှောင်စခန်းဟု သုံးနှုန်းရန် တပ်ကိုယ်စားလှယ်တောင်းဆို

နေပြည်တော်၊ စက်တင်ဘာ ၃ ။            ။ စစ်ဘေးရှောင်စခန်း ဟု သုံးနှုန်းသည့် ကိုယ်စားလှယ်၏ ဆွေးနွေးမှု စကားလုံးကို  “တိုက်ပွဲရှောင်စခန်း”ဟု ပြောင်းလဲ သုံးနှုန်းပေးရန် စက်တင်ဘာလ ၃ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတောင်းဆိုသည်။

တောင်ကုတ်မဲဆန္ဒနယ်မှ  ဒေါ်နီနီမေမြင့်က  ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဖြစ်ပွားနေသောဒေသများမှ  ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးရန်အတွက် မည်သို့ စီစဉ်ဆောင်ရွက်မေးမည်ကို သိလိုရှိကြောင်းနှင့် ပတ်သက်သည့်မေးခွန်း မေးမြန်းရာတွင် စစ်ဘေးရှောင်စခန်း ဟု  ပါရှိခဲ့ခြင်း ဖြစ်သည်။

“ တနိုင်ငံလုံးမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စရပ်ကို အစွမ်းကုန်ဆောင်ရွက်နေချိန်မှာ အထောက်အကူပြုနိုင်မယ့် ၊ ပြုမယ့် စကားရပ်မျိုး စစ်ပွဲရှောင်ဆိုတဲ့ဟာမျိုးကို မသုံးပဲနဲ့ တိုက်ပွဲရှောင်လို့သာ လွှတ်တေ်ာ မှတ်တမ်းမှာ ထည့်သွင်းဖော်ပြပေးနိုင်ပါရန်”ဟု ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြည်သူ့လွှတ်တော် ဥက္ကဌဌထံ တင်ပြခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္က႒ ဦးတီခွန်မြတ်က “ ဒေါ်နီနီမြင့်မေးမြန်းသွားတဲ့ အခါမှာ စစ်ဘေးရှောင် ဆိုတဲ့စကားရပ်အစား တိုက်ပွဲရှောင်ဟု သုံးစွဲသွားဖို့ဖြစ်ပါတယ်”ဟုလွှတ်တော်သို့ ကြေညာခဲ့သည်။

ယခုကဲ့သို့ စစ်ပွဲဆိုသည့် စကားလုံးကို တိုက်ပွဲဆိုသည့် စကားနှင့် လဲလှယ်သုံးစွဲရန် တောင်းဆိုမှုမှာ ဒုတိယအကြိမ် ဖြစ်ပြီး မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း အမျိုးသားလွှတ်တော်တွင် အလားတူ ကန့်ကွက်မှု ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ  ဦးကျော်ကျော်ဝင်းမေးမြန်းခဲ့သည့် မေးခွန်းတွင် “စစ်ဖြစ်ပွားရာ”ဆိုသည့် စကားလုံးပါရှိသည့်အတွက် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးမှ “တိုက်ပွဲဖြစ်ပွားရာ”ဆိုသည့် စကားရပ်ကို ပြောင်းလဲပေးရန် ဥက္က႒ ထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္က႒ ဦးမန်းဝင်းခိုင်သန်းက “ ဆိုလိုတာက တိုက်ပွဲဖြစ်ပွားရာ ဒါကိုသုံးလိုရတယ်မလား၊ ဟုတ်ပြီ၊ ဟုတ်ပြီ”ဟု အဆိုပါ စကားရပ်ကို လွှတ်တော် မှတ်တမ်းတွင် ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly