မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခြင်းအပေါ် ရနောင်း လက်ထောက်ခရိုင်ဝန် ရှင်းလင်း

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခြင်းအပေါ် ရနောင်း လက်ထောက်ခရိုင်ဝန် ရှင်းလင်း
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ရနောင်း၊ စက်တင်ဘာ (၃) ။            ။ ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် ဖမ်းဆီးခံပြန်လည်ပို့ဆောင်ခံနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ရနောင်း လက်ထောက်ခရိုင်ဝန်မှ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ ဖမ်းဆီးချင်တာလည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာစာချုပ် ရေးထိုးထားတဲ့အတိုင်း တရားဝင်လာရောက် လုပ်ကိုင် နိုင်တဲ့ နည်းလမ်းတွေ အများကြီး ဖွင့်ပေးထားပါတယ်။ ဒီနည်းလမ်းတွေအတိုင်း တရားဝင် ဝင်ရောက်လာ စေချင်လို့တားဆီး နှိမ်နှင်းနေရခြင်း ဖြစ်တယ်”ဟု ရနောင်းလက်ထောက်ခရိုင်ဝန် Mr.Chartree Chanvirachai က ပြောသည်။

 ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအများစုမှာ စားသောက်ဆိုင်လုပ်ငန်းနှင့် ရေလုပ်ငန်းတို့တွင် အဓိကအများဆုံး လုပ်ကိုင် နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ ရနောင်း ခရိုင်ထဲမှာ အလုပ်သမား အများစုက မြန်မာတွေ ဖြစ်ကြပေမယ့် တရားဝင် လာရောက် လုပ်ကိုင်ကြတဲ့ သူတွေက အရမ်းနည်းပါးနေပါတယ်။ ဒီထဲကမှ ဥပဒေအရ ဖမ်းဆီး အရေးယူခံရပြီး မြန်မာလက် ကော့သောင်းကို မကြာခဏ ပြန်ပို့ခံနေရာတာ အများကြီး ရှိတယ်”ဟု Mr.Chartree Chanvirachai က ဆက်ပြောသည်။

ရနောင်းခရိုင်အတွင်း သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများသည် လူဦးရေ သိန်းနှင့် ချီ၍ ရှိနေသော်လည်း တရားဝင် လုပ်ကိုင် နေသူမှာ ၅ သောင်းခန့်သာ ရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ကော့သောင်းမှတဆင့် ရနောင်း နယ်စပ်ဂိတ်သို့ တရားမဝင် လမ်းကြောင်း အမျိုးမျိုးဖြင့် နေ့စဉ် နီးပါးဖြစ် ဝင်ရောက်မှုများ ရှိနေကြောင်း ကော့သောင်းမြို့ ဒေသခံများထံမှ သိရသည်။

ထိုင်း အစိုးရသည်၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် မြန်မာ၊ လာအို၊ ဗီယမ်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားများကို တရားဝင်လာရောက် လုပ်ကိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly