ONE: Immortal Triumph ပြိုင်ပွဲတွင် စောင့်ကြည့်ရမည့် ကစားသမား ၅ ဦး

ONE: Immortal Triumph ပြိုင်ပွဲတွင် စောင့်ကြည့်ရမည့် ကစားသမား ၅ ဦး

ဗီယက်နမ် နိုင်ငံတွင် ပထမဆုံး ကျင်းပသည့် ONE Championship ပြိုင်ပွဲဖြစ်သော ONE: Immortal Triumph ပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၆ ရက်တွင် ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ထူးခြားစွာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား တွဲဆိုင်း မပါဝင်ဘဲ မွေထိုင်းနှင့် Kickboxing တွဲဆိုင်းချည်း ၁၄ တွဲ ယှဉ်ပြိုင်ကစား စေမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်ခံပညာရှင် အားကစားသမား ၂၈ ဦး အနက်မှ စိတ်ဝင်တစား စောင့်ကြည့်သင့်သည့် ကစားသမား အချို့ အကြောင်းကို တင်ပြလိုက်ရ ပါသည်။

(၁) Brice Delval

ONE Championship ၏ ဘင်တန်ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ Nong-O Gaiyanghadao ကို စိန်ခေါ်လာသည့် အသက် ၂ဝ အရွယ် အယ်ဂျီးရီးယား လူငယ် ကစားသမားလေး Brice “The Truck” Delval သည် လတ်တလောတွင် ပြိုင်ပွဲ၏ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကစားသမား ဖြစ်သည်။ အသက် ၁၇ နှစ် အရွယ်တွင် S1 မွေထိုင်း ပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သူ Delval သည် ပြင်သစ်နိုင်ငံမှ ကျွန်းငယ်လေး တစ်ကျွန်းပေါ်တွင် ကြီးပြင်းလာသူ ဖြစ်သော်လည်း မွေထိုင်း လက်ဝှေ့ပညာ ထူးချွန်လိုသဖြင့် ထိုင်းနိုင်ငံသို့ လာရောက် နေထိုင်ကာ လေ့ကျင့်နေသူ ဖြစ်သည်။ ၎င်း၏ ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၃၃ ပွဲ အနိုင်ရခဲ့ပြီး ၅ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသည်။

Nong-O နှင့် Delval တို့၏ ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲကို ယခုပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် သတ်မှတ်ထားပြီး Nong-O အတွက် ချန်ပီယံ ခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်ရခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးအကြား ပွဲအတွေ့အကြုံ အလွန်အမင်း ကွာခြားသော်လည်း Nong-O ကဲ့သို့ ဝါရင့်ချန်ပီယံတစ်ဦး ဖြစ်ခဲ့သည့် Sam-A Gaiyanghadao ကို လူငယ် ကစားသမား Jonathan Haggerty က အနိုင်ယူဖူးသည့် သာဓက ရှိဖူးသည်။ “The Truck” ဟူသည့် ကြိုးဝိုင်းနာမည် အတိုင်း သတ်လုံးသတ်ပေါက် စုံလင်ပြီး အားပါ ပြင်းထန် လှသည့် Delval ၏ တိုက်စစ်ဆင်မှုများက ပွဲကို အဆုံးအဖြတ် ပေးသွားနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

(၂) Nguyen Tran Duy Nhat

ဗီယက်နမ် နိုင်ငံတွင် အကောင်းဆုံး လက်ဝှေ့သမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် “No.1” Nguyen Tran Duy Nhat သည် ၎င်း၏ပရိသတ်များ ရှေ့မှောက်တွင် မလေးရှား ကစားသမား Azwan Che Wil နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အသက် ၃ဝ အရွယ် ရှိသူ Duy Nhat သည် နိုင်ငံ့လက်ရွေးစင် မွေထိုင်း ကစားသမား တစ်ဦးအဖြစ် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးခဲ့သည့်အတွက် ဗီယက်နမ် နိုင်ငံသားများက သူရဲကောင်း တစ်ဦးသဖွယ် သတ်မှတ်ခြင်း ခံထားရသော ကစားသမားလည်း ဖြစ်သည်။ ၂ဝဝ၉ အာရှ ရုံတွင်း အားကစား ပြိုင်ပွဲ၊ ၂ဝဝ၉ နှင့် ၂ဝ၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲများ အပြင် WMF ပြိုင်ပွဲတွင်ပါ ချန်ပီယံဆုများ သိမ်းပိုက်နိုင်ခဲ့သည့် Duy Nhat ကို ယခုပြိုင်ပွဲက ကမ္ဘာ့အဆင့် အောင်မြင်မှုမျိုး ရရှိအောင် ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

Nha Trang ဆိုသည့် ပင်လယ်ကမ်းခြေ မြို့လေးတွင် မွေးဖွားခဲ့သူ Duy Nhat သည် Tan Gia Quyen ဟူသည့် ဗီယက်နမ် ရိုးရာ ကိုယ်ခံပညာကို ကျွမ်းကျင် တတ်မြောက်သည့် ကိုယ်ခံပညာသိုင်းဆရာကြီးတစ်ဦး၏ မျိုးဆက်ဖြစ်သည်။ နေအိမ်တွင် သိုင်းသင်တန်း ဖွင့်ထားသဖြင့် Duy Nhat သည် အသက် ၃ နှစ် ကတည်းက ကိုယ်ခံပညာနှင့် ရင်းနှီးခဲ့သည်။ အသက် ၁၄ နှစ် အရွယ်တွင် အငယ်တန်း ကိုယ်ခံပညာ ပြိုင်ပွဲများ၌ အောင်မြင်မှု ရနေပြီ ဖြစ်ပြီး ၂ဝဝရ တွင် မွေထိုင်းပညာကို စတင်သင်ယူခဲ့သည်။ နိုင်ငံ့လက်ရွေးစင် အဖြစ် အောင်မြင်မှုများ ရရှိပြီးနောက် ဒေသတွင်း ကိုယ်ခံပညာ ပြိုင်ပွဲများ လှည့်လည်ယှဉ်ပြိုင် ခဲ့ရာ မြန်မာနိုင်ငံမှ World Lethwei Championship ပြိုင်ပွဲတွင်ပင် လာရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာပရိသတ်နှင့်လည်း မစိမ်းသည့် Duy Nhat ကို ယခုပွဲတွင် စောင့်ကြည့် သင့်သည့် ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

(၃) Anderson Silva

ယခုပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပသည့် တွဲဆိုင်းများ အနက် ဝိတ်တန်းအမြင့်ဆုံး ဖြစ်သည့် လိုက်ဟဲဗီးဝိတ် တွဲဆိုင်းတွင် ယှဉ်ပြိုင်သော ဘရာဇီး နိုင်ငံသား Anderson “Braddock” Silva သည်လည်း စိတ်ဝင်စားဖွယ် ကစားသမား တစ်ဦးဖြစ်သည်။ ဘရာဇီး နိုင်ငံ၏ Kickboxing ချန်ပီယံ Silva သည် ရုရှားကစားသမား Beybulat Isaev နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး တွဲဆိုင်း တစ်ခုလည်း ဖြစ်လာမည် ဖြစ်သည်။ အသက် ၃၂ နှစ်ရှိသူ Silva သည် Demolition Fight၊ Glory၊ VIP Fight Night နှင့် Super Kombat ပြိုင်ပွဲများတွင် ဟဲဗီးဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံနှင့် ဒုတိယ ဆုများ ရရှိခဲဖူးသူလည်း ဖြစ်သည်။

ဆော်ပေါ်လိုမြို့တွင် ကြီးပြင်းခဲ့သူ Silva သည် အသက် ၁၄ နှစ် ကတည်းက Kickboxing ကို စတင်သင်ယူ လေ့ကျင့်ခဲ့ပြီး အသက် ၂ဝ အရွယ်တွင် အတွေ့အကြုံရော လေ့ကျင့်မှုပါ ပြည့်ဝနေပြီ ဖြစ်သဖြင့် နယ်သာလန် နိုင်ငံသို့ သွားရောက် ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ ၎င်း၏ ကစားသမား ဘဝတစ်လျှောက် နယ်သာလန်၊ ဂျာမနီ၊ ချက်၊ မွန်တီနီဂရို၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ် စသည့် ဥရောပ နိုင်ငံများတွင် ကမ္ဘာ့အဆင့် ပြိုင်ဘက်များစွာနှင့် ရင်ဆိုင်ခဲ့ဖူးသလို ဂျပန်နှင့် အမေရိကန်တွင်ပါ ၎င်း၏ Kickboxing စွမ်းရည်ကို ပြသနိုင် ခဲ့သည်။ လက်ရှိ အချိန်တွင် ONE Championship ပြိုင်ပွဲ၌ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားကာ တတိယမြောက် ပွဲတွင် Silva အနေဖြင့် မည်သည့်  ရလဒ် ထွက်ပေါ်နိုင်မည်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်သည်။

(၄) Bi Nguyen

ယခုပြိုင်ပွဲတွင် အမျိုးသမီး တွဲဆိုင်းနှစ်ဆိုင်းလုံး အကြိတ်အနယ် ရှိနိုင်ပြီး အဓိက Main Card ပွဲများ စာရင်းတွင် ပါဝင်သည့် Bi “Killer Bee” Nguyen နှင့် Puja “The Cyclone” Tomar တို့ပွဲက မြန်မာ ပရိသတ်များ ပိုမို စိတ်ဝင်စားမည့် ပွဲမျိုးဖြစ်သည်။ Nguyen သည် မြန်မာ ကစားသမား ဘိုဇဟီနာ “တိုတို” အန်တိုနီယာနှင့် လောလောလတ်လတ် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ထားသည့် ကစားသမား ဖြစ်သော်လည်း ယင်းပွဲတွင် အကောင်းဆုံး လက်စွမ်းပြကာ အမှတ်ဖြင့် ကပ်ရှုံးထားခြင်း ဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဖြစ်သော်လည်း မွေထိုင်း ကစားသမား တစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သောကြောင့် ယခုပွဲတွင် ၎င်း၏ မွေထိုင်း စွမ်းရည်ကို ပြသနိုင်မည် ဖြစ်သည်။

ဗီယက်နမ်တွင် မွေးဖွားခဲ့သော်လည်း အမေရိကန်တွင် နေထိုင်ကြီးပြင်း ခဲ့ရသူ Nguyen သည် ငယ်စဉ်က ကြမ်းတမ်း ခက်ခဲသည့် ဘဝကို ဖြတ်သန်းခဲ့ရပြီး အသက် ၂၁ နှစ် အရွယ်တွင် မွေထိုင်း လက်ဝှေ့ပညာကို စတင်သင်ယူ ခဲ့ပြီးသည့် နောက်မှသာ တည်ငြိမ်သည့် ဘဝ အခြေအနေနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခဲ့သူ ဖြစ်သည်။ ၎င်း၏ဘဝ လမ်းကြောင်းကို တည့်မတ် ပေးခဲ့သည့် ကိုယ်ခံပညာကို တစိုက်မတ်မတ် လေ့လာလိုက်စား ခဲ့ပြီး အပျော်တမ်း ပြိုင်ပွဲများ ဝင်ပြိုင်ခဲ့ရာ နိုင်ပွဲဆက်ခဲ့သဖြင့် ၂ဝ၁၄ တွင် ပရော်ဖက်ရှင်နယ် ဘဝသို့ ကူးပြောင်းခဲ့သူ ဖြစ်သည်။ အမေရိကန် နိုင်ငံမှ ပြိုင်ပွဲများတွင် လက်စွမ်းပြနေသည့် Nguyen ကို ONE Championship က ခေါ်ယူခဲ့သဖြင့် လာမည့်ပြိုင်ပွဲ၌ ၎င်း၏ မွေးရပ်မြေတွင် တကျော့ပြန် အစွမ်းပြခွင့် ရတော့မည့်သူ ဖြစ်သည်။

(၅) Amber Kitchen

ONE Championship တွင် ယခုမှ ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင် ရမည့် ဗြိတိန်သူလေး Amber “AK 47” Kitchen ကလည်း စိတ်ဝင်စားဖွယ် ကစားသမား တစ်ဦးဖြစ်သည်။ အသက် ၂ဝ သာ ရှိသေးသည့် Kitchen သည် ယခုပြိုင်ပွဲတွင် စတောဝိတ်တန်း မွေထိုင်း တွဲဆိုင်းအဖြစ် စလိုဗက်ကီးယား လက်ဝှေ့မယ် Viktoria Lipianska နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ Kitchen ဟူသည့် နာမည်သည် မွေထိုင်း အမျိုးသမီး အားကစား လောကတွင် လူသိများသည့် နာမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Amber Kitchen ၏ မိခင်ဖြစ်သူ Julie Kitchen သည် ကမ္ဘာ့ချန်ပီယံ ၁၄ ကြိမ် ဖြစ်ခဲ့ဖူးသည့် လျှမ်းလျှမ်းတောက် မွေထိုင်း အားကစားမယ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

၎င်း၏ ဖခင် Nathan မှာလည်း ထိပ်တန်း နည်းပြတစ်ဦး ဖြစ်ကာ Kitchen ၏ မိခင် Julie Kitchen ကို ချန်ပီယံ ဆုများ ရရှိအောင် ကိုယ်တိုင် လေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ Kitchen ကိုယ်တိုင်လည်း ဖခင် ပိုင်ဆိုင်သော Touchgloves Gym လေ့ကျင့်ရေးရုံတွင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခြင်း ခံခဲ့ရသူ ဖြစ်သဖြင့် မိခင်ခြေရာ နင်းကာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာမည်လား ဆိုသည်ကို ယခုပွဲတွင် စောင့်ကြည့် ကြရမည် ဖြစ်သည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် Skynet Sports 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်ပြီး ONE Championship ၏ ONE Super App https://www.onefc.com/download-app/ တွင် ညနေ ၅ နာရီကတည်းက စတင်ပြသမည်ဖြစ်ရာ အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly