အပူပိုင်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် လေပြင်းကျနိုင်

အပူပိုင်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် လေပြင်းကျနိုင်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရန်ကုန် ၊ စက်တင်ဘာ ၃ ။         ။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေသည့် အပူပိုင်းမုန်တိုင်း ကာဂျီကီ ၏ အရှိန်ကြောင့် နေရာ ကွက်၍ မိုးကြီးကာ လေပြင်းများကျရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေရာမှာ အား အလွန်ကောင်းနေသည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

“ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်း‌ခြေမြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဆက်လက်တည်ရှိနေပါသည်” ဟု မိုး/ဇလ ကထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီ ၊ တနင်္သာရီ ၊ ရခိုင် ၊ ကရင် နှင့် မွန်တို့တွင် နောက် သုံးရက် အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန် ဖော်ပြထားသည်။

ထို့အပြင် လျှပ်တပြက်ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ် ၊ မြစ်ချောင်အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ် နိုင်သည့် အတွက် သတိထားနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန် ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်များကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ မိုင် ၄၀ ခန့်အထိ တိုက်ခတ် နိုင်ကြောင်း မိုး/ဇလ က ဆိုသည်။ လှိုင်းအမြင့် သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ၉ ပေ မှ ၁၃ ပေ အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly