ရန်ကုန်မြို့တွင်း လေးမြို့နယ်တွင် ခွေးလေခွေးလွင့်ပပျောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေ

ရန်ကုန်မြို့တွင်း လေးမြို့နယ်တွင် ခွေးလေခွေးလွင့်ပပျောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေ

ရန်ကုန်၊ စက်တင်ဘာ ၃ ။             ။ ရန်ကုန်မြို့တွင်းလေးမြို့နယ်တွင် ခွေးလေခွေးလွင့်ပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောသည်။

“လမ်းပေါ်မှာရှိတဲ့ လေလွင့်ခွေးများပပျောက်ရေးအတွက်ဆိုပြီးတော့ ကျွန်တော်တို့ ပထမဆုံး ပရောဂျက် တစ်ခုအနေနဲ့ မြို့တွင်းလေးမြို့နယ်ကို ရည်ရွယ်ပြီးတော့မှ ဆောင်ရွက်နေပါတယ်။ Down Town မြို့နယ် လေးမြို့နယ်က လေ့လွင့်ခွေးတွေကို လှိုင်သာယာမှာရှိတဲ့ စည်ပင်သာယာ Dog Center ကို ပို့ပါတယ်။ ဒီလေးမြို့နယ်က ရှိသမျှအကောင်ရေကို ကျွန်တော်တို့ဆီပို့ဖို့ဆိုပြီးတော့ ကျွန်တော်တို့က စီမံချက်ဆွဲပြီး ဆောင်ရွက်နေပါတယ်” ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့စဉ် ပြောခဲ့ခြင်းဖြစ်သည်။

လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား စသည့်မြို့တွင်းလေးမြို့နယ်ရှိ ခွေးလေခွေးလွင့်များကို YCDC မှ တစ်ပတ်တစ်ကြိမ်ဝင်ရောက်ရှင်းလင်းမှုများလုပ်ဆောင်လျက်ရှိပြီး ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်တွင် လေလွင့်ခွေး မရှိသလောက် နည်းပါးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးမင်းအောင်က ပြောသည်။

“ကျောက်တံတားနဲ့ ပန်းပဲတန်းမှာ တော်တော်မရှိသလောက်နီးပါး ကျွန်တော်လုံးဝမရှိဘူးလို့တော့ မဆို ချင်ပါဘူး။ လမ်းဘေးခွေးသည် တစ်နေရာမှာမရှိရင် တစ်ခြားတစ်နေရာက ခွေးက ပြန်ဝင်လာပါတယ်။ ကျွန်တော်တို့ ဒါကို တစိုက်မတ်မတ်ကို ရှင်းလင်းနေပါတယ်။ မကြာသောကာလမှာ ကျွန်တော်တို့ တောက်လျောက်ရှင်းလင်းနေတဲ့အတွက် ဒီလေးမြို့နယ်မှာ လမ်းဘေးခွေး ကင်းစင်ပပျောက်ရေးက အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင်းလေးမြို့နယ်တွင် ခွေးလေခွေးလွင့်ကင်းစင်ရေးဆောင်ရွက်ရာ၌ သြဂုတ်လ ၂၈ ရက်နေ့တွင် လမ်းမတော်မြို့၌ လမ်းဘေးခွေး ၁၉ ကောင်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် လသာမြို့နယ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၌ ၂၈ ကောင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း YCDC က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly