ရခိုင်ပြည်နယ်အတွင်း လေးမြို့နယ်မှာ အင်တာနက် ပြန်မရသေး

ရခိုင်ပြည်နယ်အတွင်း လေးမြို့နယ်မှာ အင်တာနက် ပြန်မရသေး
Photo - EPA

ရန်ကုန်၊ စက်တင်ဘာ ၃ ။         ။ အင်တာနက်ဖြတ်တောက်ခံထားသည့် ရခိုင်  ရှစ်မြို့နယ်နှင့် ပလက်ဝတို့အနက် စက်တင်ဘာ ၁ ရက်မှ စတင်ကာ လေးမြို့နယ်နှင့် ပလက်ဝတို့မှာ အင်တာနက် ပြန်ရခဲ့သော်လည်း ရခိုင် လေးမြို့နယ်မှာ အင်တာနက် မရသေးကြောင်း သိရသည်။

''လေးနေရာမှာ အင်တာနက်လိုင်း ပြန်ရတာတော့ ကြားတယ်။ ဒါပေမယ့် ကျောက်တော်မှာတော့ မရသေးဘူး။ အခုတော့ ကျွန်တော် မင်းပြားရောက်နေတယ်။ မင်းပြားမှာလည်း အင်တာနက်လိုင်း မရသေးဘူး။ အင်တာနက် လိုင်း မရတော့ ကျွန်တော်တို့ဘက်က အကူအညီလိုနေတဲ့သူတွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲပြီး အကူအညီ မပေး နိုင်တာတွေ ဖြစ်နေတယ်။ ဒီမှာလည်း အမြန်ဆုံးတော့ အင်တာနက် ဖွင့်ပေးစေချင်တယ်။ မနေ့ညကဆို ကျောက်တော်မှာ ညနေ ၅ နာရီကျော်အထိ မြို့ထဲမှာ သိပ်မတည်ငြိမ်သေးဘူး။ အင်တာနက်လိုင်း အမြန်ဆုံး ဖွင့်ပေးစေချင်ပြီ'' ဟု ရခိုင်ပြည်နယ် ကျော်တော်မြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  MPT ၊ Mytel ၊ Telenor နှင့်  Ooredoo သို့ ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် ညွှန်ကြားထားသည်။

စက်တင်ဘာ ၁ ရက် တွင် ပြန်လည် ရရှိခဲ့သော မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ နှင့် ချင်းပြည်နယ် ပလက်ဝတို့ ဖြစ်ကာ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်များမှာ စက်တင်ဘာ ၃ ရက်အထိ ပြန်လည် မရရှိသေးပေ။

''ရခိုင် လေးမြို့နယ် ပြန်ရပြီ။ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးကတော့ မရသေးဘူး။ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ ဖက်ကတော့ ပြန်ရပါပြီ''  မောတောမြို့နယ် သုံးမိုင်မှ INGO ဝန်ထမ်းတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ် လေးခုနှင့် ချင်းပြည်နယ်မှ မြို့နယ်တစ်ခုတွင် သြဂုတ် ၃၁ ရက်နေ့ ည ၁၂ နာရီအချိမှ စတင်ပြီး အင်တာနက်လိုင်းပြန်ဖွင့်ထားကြောင်း တယ်လီနောမှ စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည်။

''အင်တာနက်လိုင်းက စက်တင်ဘာလ ၁ ရက်နေ့က ပြန်ရတယ်။ အင်တာနက်လိုင်းက အခုထိ ကောင်းပါ တယ်။ ဒါပေမယ့် MPT တစ်ခုတည်းပဲ ရတယ်ထင်တယ်။ သိပ်တော့ မသေချာဘူး။ လိုင်းကတော့ ကောင်းပါ တယ်'' ဟု ချင်းပြည်နယ် ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်းက ပြောသည်။

သြဂုတ်လ နောက်ဆုံးပတ်က မင်းပြားရှိ ပန်းမြောင်းရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကလေး နှစ်ဦး၊ ၁၀ တန်း ကျောင်းသူတစ်ဦး နေရာတွင် သေဆုံးခဲ့ကာ AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly