ဖီဖာရဲ့ The Best အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းမှာ ဗန်ဒိုက်၊ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ပါဝင်

ဖီဖာရဲ့ The Best အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းမှာ ဗန်ဒိုက်၊ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ပါဝင်
Photos: EPA & FIFA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချီးမြှင့်မယ့် The Best ဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ UEFA တစ်နှစ်တာအကောင်းဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကြတဲ့ လီဗာပူးလ်ရဲ့ ဗန်ဒိုက်၊ ဘာစီလိုနာရဲ့ မက်ဆီနဲ့ ဂျူဗင်တပ်စ်ရဲ့ ရော်နယ်လ်ဒိုတို့ပဲ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

နောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့အပတ်က UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးထားခဲ့သူဖြစ်ပါတယ်။

The Best ဆုကို မီဒီယာတွေ၊ ပရိသတ်တွေ၊ နိုင်ငံ့လက်ရွေးစစင်နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေက ရွေးချယ်ကြတာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့၊ မီလန်မြို့မှာ ကြေညာသွားမယ့် အကောင်းဆုံးကစားသမားဆုအတွက် ဗန်ဒိုက်က ထိပ်ဆုံးမှာ ရေပန်းစားနေတယ်လို့ သိရပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ၂၀၁၈-၁၉ ရာသီချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

The Best အမျိုးသမီးအကောင်းဆုအတွက် ဆန်ခါတင်စာရင်းမှာ UEFA တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီားဘောလုံးသမားဆုရခဲ့တဲ့ အင်္ဂလန်နောက်ခံလူ လူစီဘရောင်ဇ်က ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်အမျိုးသမီးအသင်းမှ ကစားသမားနှစ်ဖြစ်တဲ့ ရက်ပီနို၊ အဲလက်စ် မော်ဂန်တို့နဲ့ ပါဝင်ခဲ့ပါတယ်။

နည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ဂွါဒီယိုလာ၊ ကလော့ပ်နဲ့ ပိုချက်တီနိုတို့ ပါဝင်နေတယ်လို့ သိရှိရပါတယ်။

ဖီဖာ The Best ဆန်ခါတင်စာရင်းများ

အကောင်းဆုံး ဘောလုံးသမားဆု

မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား)
ဗန်ဒိုက် (လီဗာပူးလ်၊ နယ်သာလန်)
ရော်နယ်လ်ဒို( ဂျူဗင်တပ်စ်၊ ပေါ်တူဂီ)

အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆု

ရာပီနို( အမေရိကန်)
မော်ဂန်( အမေရိကန်)
လူစီဘရောင်ဇ် (လီယွန်၊ အင်္ဂလန်)

အကောင်းဆုံး အမျိုးသားနည်းပြဆု

ပတ်ဂွါဒီယိုလာ (မန်စီးတီး)
ယာဂမ်ကလော့ပ် (လီဗာပူးလ်)
ပိုချက်တီနို ( စပါး)

အကောင်းဆုံး အမျိုးသမီးနည်းပြဆု

ဂျေလေ အဲလစ် (အမေရိကန်)
ဖီးလ်နဗီး (အင်္ဂလန်)
ဆီလီနာ ဝိုက်မန်း (နယ်သာလန်)

အကောင်ဆုံး ဂိုးသမားဆု

အလီဆင် (လီဗာပူးလ်၊ ဘရာဇီး)
အီဒါဆင် (မန်စီးတီး၊ ဘရာဇီး)
တာ့စတေဂန် (ဘာစီလိုနာ၊ ဂျာမနီ)

အကောင်းဆုံး အမျိုးသမီး ဂိုးသမားဆု

ခရစ္စတီယန် အန်ဒါလ် (ပီအက်စ်ဂျီ၊ ချီလီ)
လင်းဒေါလ် (ဝုတ်ဘက်၊ ဆွီဒင်)
ဗန်ဗီနီဒါးလ် (အက်သလက်တီကို၊ နယ်သာလန်)

အကောင်းဆုံး သွင်းဂိုးဆု Puskas

မက်ဆီ (ဘက်တစ်အသင်းဖက် သွင်းဂိုး)
ကွန်တယ်ရို (ရေးဆင်အသင်းဖက် သွင်းဂိုး)
ဒန်နီ ဆိုရီ (ဖီရန်ဗာရိုးစ်အသင်းဖက် သွင်းဂိုး )

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly