ကိုယ်ပိုင် ဒစ်ဂျစ်တယ် ငွေကြေးကို ထုတ်ဖော်လိုက်တဲ့ ပက်ကွီအို

ကိုယ်ပိုင် ဒစ်ဂျစ်တယ် ငွေကြေးကို ထုတ်ဖော်လိုက်တဲ့ ပက်ကွီအို
Photos: EPA

စက်တင်ဘာ ၃ ။        ။ ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုကတော့ ၎င်းရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ် ငွေကြေး (cryptocurrency) ဖြစ်တဲ့ ‘PAC’ tokens ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က မနီလာမြို့ ပွဲအခမ်းအနားတစ်ခုမှာ ထုတ်ဖော်မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

‘Pac’ ကိုတော့ ကနဦးတုန်းက ပက်ကွီအိုရဲ့ သီးသန့် ရောင်းကုန်ပစ္စည်းတွေကို ၎င်းရဲ့ ပရိသတ်တွေ အထူး ဝယ်ယူခွင့်ရအောင် ဖန်တီးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ယင်းကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် အစီအစဉ်တွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

အဆိုပါ ပက်ကွီအိုရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးကိုတော့ စင်ကာပူအခြေစိုက် Global Crypto Offering Exchange (GCOX) က ယခုနှစ်နှောင်းပိုင်းမှာ စာရင်းသွင်းပြီး ဖြန့်ဝေရောင်းချမှုတွေ လုပ်သွားတော့မှာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ပက်ကွီအိုကိုတော့ လက်ဝှေ့ လောကမှာ နာမည်ဂုဏ်သတင်းဆောင်ထားနိုင်မှုအတွက် ဖိလစ်ပိုင် ပြည်သူအများစုက ၎င်းကို ဟီးရိုးတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။

အထက်တန်းကျောင်းကနေ ထွက်ခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ ဘဝကနေ သန်းကြွယ်သူဌေး လက်ဝှေ့ချန်ပီယံအဖြစ် တက်လှမ်းသွားနိုင်ခဲ့မှုကလည်း ဖိလစ်ပိုင်ပြည်သူတွေအတွက် အတုယူစရာ ဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly