မင်းလှတွင် တပ်မတော်သားတစ်ဦး၏ အလောင်း တွေ့ရှိ

မင်းလှတွင် တပ်မတော်သားတစ်ဦး၏ အလောင်း တွေ့ရှိ

မကွေး၊ စက်တင်ဘာ ၃ ။          ။ မင်းလှမြို့နယ်ရှိ ယာခင်းတစ်ခုအတွင်း သေဆုံးနေသော တပ်မတော်သားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးသန်းလှိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်တော်ပြင်ကျေးရွာတွင် နေထိုင်သော ဦးသိန်းလွင်၏ ယာခင်းအတွင်း အမျိုးသားတစ်ဦး၏ အလောင်းကို စက်တင်ဘာလ ၂ရက် နံနက် ၁ဝနာရီခွဲအချိန်က တွေ့ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ကပစ(၂) မလွန်မှ တပ်သား သီဟကျော် (၂၆)နှစ်ဖြစ်ပြီး ယာခင်းအတွင်း အရှေ့ဘက်သို့ဦးခေါင်း ပြုမှောက်လျက်အနေအထားဖြင့် အင်္ကျီမပါဘဲတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူသည် ဂျင်းဘောင်းဘီ အပြာ ဝတ်ဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“သေဆုံးသူဟာ ဆသရသင်တန်းကိုပြင်ဦးလွင်မြို့မှာ တက်ရောက်ခဲ့ပြီး ခံစားခွင့်(၁၀)ရက်ကို ခံစားနေသူပါ။ အရက် အလွန်အကျွံသောက်စားတတ်သူဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့မှာ မိုးရွာသွန်းနေတုန်း ချောင်းရိုးကို ဖြတ်သန်းရာက ချောင်းရေနဲ့မျောပါသွားပြီး ရေနစ်သေဆုံးခဲ့တာဖြစ်နိုင်ကြောင်း စစ်ဆေးသိရှိခဲ့ရပါတယ်။ သူ့ကို မှုခင်း ဆေးစာနဲ့ မကွေးမြို့၊အမှတ်(၁၆)တပ်မတော်၊ကုတင်(၁၀၀) ဆေးရုံကိုပေးပို့ထားရှိပြီးဖြစ်ပါတယ်"ဟု မင်းလှမြို့မရဲစခန်းမှ မြို့မစခန်းမှူး ဒုရဲမှူး ဦးသန်းလှိုင်ကပြောသည်။

အဆိုပါဖြစ်စဉ်ကို မင်းလှမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၉)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required