ဒုဗိုလ်မှူးကြီးတစ်ဦးက တောင်သူလေးဦးကို တရားစွဲထားသည့်အမှု အမိန့်ချမည့် အစီအစဉ် ရွှေ့ဆိုင်း

ဒုဗိုလ်မှူးကြီးတစ်ဦးက တောင်သူလေးဦးကို တရားစွဲထားသည့်အမှု အမိန့်ချမည့် အစီအစဉ် ရွှေ့ဆိုင်း
   တရားစွဲခံထားရသည့် တောင်သူလေးဦးအား စက်တင်ဘာ ၂ရက်က တရားရုံးအရှေ့တွင် မြင်တွေ့ရစဉ်(ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

ဗန်းမော်(စက်တင်ဘာ ၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၏ တရားစွဲဆိုခြင်း ခံထားရသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ သုံးမိုင်ရွှေပြည်သာ ကျေးရွာရှိ တောင်သူလေးဦးအား ယနေ့ စက်တင်ဘာ ၂ရက်တွင် စွဲချက်တင် အမိန့်ချရန် အစီအစဉ်ကို မြို့နယ်တရားရုံးက ရွှေ့ဆိုင်းလိုက်သည်။
 
အဆိုပါ တောင်သူ လေးဦးကို ဗန်းမော်အမှတ်(၅) ဆက်သွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး ဥက္ကာစိုး ဆိုသူက တရားလိုပြုလုပ်ကာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁)တို့ဖြင့် ယခုနှစ် ဇန်နဝါရီလဆန်းကတည်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ အမှု နှစ်ခုစလုံးအတွက် ယနေ့ စွဲချက်တင်ပြီး အပြီးသတ် အမိန့်ချရန် ကနဦးက ဆုံးဖြတ်ထားသော်လည်း မြို့နယ်တရားသူကြီးက ပုဒ်မ(၄၄၇) အမှုကိုသာ စွဲချက်တင်ခဲ့ပြီး ပုဒ်မ ၆(၁) အမှုကိုမူ နောက်ထပ် ပြောင်းရွှေ့လာမည့် တရားသူကြီးအသစ်က ဆက်လက် စစ်ဆေးဦးမည်ဟုဆိုကာ နောက်ထပ် ရုံးချိန်းကို လာမည့် စက်တင်ဘာ ၁၆ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း တောင်သူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ပြောသည်။
 
တရားစွဲဆိုထားသည့် ပုဒ်မများကို ဒေသခံတောင်သူများက မကျူးလွန်ကြောင်းနှင့် တရားလို ဒုဗိုလ်မှူးကြီးကို စစ်ဆေးသည့်အခါ တရားရုံးဘက်က အဟန့်အတားအများစွာ လုပ်ခဲ့ကြောင်းလည်း ဖမ်းဆီးခံ တောင်သူများ၏ ရှေ့နေက ပြောသည်။
 
“မျှော်လင့်တာက ဗန်းမော်မြို့နယ်၊ တရားရုံးက ဥပဒေနဲ့အညီ သူ့ရဲ့ ပုံရိပ်ကို ဘယ်လောက်ထိန်းမလဲ။ တရားစွဲခံရတဲ့ တောင်သူတွေ အပေါ်မှာ ဘယ်လောက်ထိ ဥပဒေနဲ့အညီ ဆုံးဖြတ်ချက် ချပေးမလဲဆိုတာကို စောင့်ကြည်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
 
တရားစွဲဆိုခံထားရသူ လေးဦးမှာ ဒေါ်လုဂျာ(ခ)လုပူ၊ ဦးဂျန်မာဆင်ရောင်၊ ဦးတူးမာနှင့် ဦးဂေါ်လူဖန်ဝါတို့ ဖြစ်ကြပြီး နှစ်လကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် လက်ရှိတွင် အာမခံဖြင့် အမှုရင်ဆိုင်နေကြရသည်။
 
၎င်းတို့ ဘွားစဉ်ဆက်စဉ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လာသည့် မြေဧက ၂ဝကျော်အား ဗန်းမော်အမှတ်(၅) ဆက်သွယ်ရေးတပ်မှ ၁၉၉၆ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီးနောက် လျော်ကြေး၊ နစ်နာကြေး တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိဘဲ သီးစားပြန်ချပေးခဲ့ကြောင်း၊ ထို့နောက် ၂၀၁၈ခုနှစ်၊ မေလ ၁ရရက်တွင် ဆက်သွယ်ရေးတပ်ဘက်က ဆက်လက်လုပ်ကိုင်ခွင့်မပြုဘဲ ဖယ်ရှားရာတွင် တောင်သူများဘက်က စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခဲ့သဖြင့် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်ဟု သုံးမိုင်ရွှေပြည်သာရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ ဦးလဆီးထန်ဝါက ပြောသည်။
 
“မြေကလည်း သူတို့(တောင်သူတွေ)ပိုင်တဲ့မြေဖြစ်တယ်။ တပ်ကပစ္စည်းတွေ ဘာတွေဖျက်တာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
 
အမှုရင်ဆိုင်နေရသူ တောင်သူတစ်ဦးဖြစ်သည့် ဒေါ်လှဂျာ(ခ)လှပူ က “အမှုကို အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဒီမြေဟာ ခေတ်အဆက်ဆက် ဘိုးဘွားပိုင်မြေ ဖြစ်တယ်” ဟု ပြောသည်။
 
အမှု အခြေအနေနှင့်ပတ်သက်ပြီး ဗန်းမော်မြို့နယ်၊ တရားသူကြီးကို မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly