ကင်ညာက အမျိုးသားဥယျာဉ်မှာ ရုတ်တရက် ရေကြီးမှုဖြစ်ပြီး ခရီးသွားဧည့်သည် ခြောက်ဦး သေဆုံး

By AFP
02 September 2019
ကင်ညာက အမျိုးသားဥယျာဉ်မှာ ရုတ်တရက် ရေကြီးမှုဖြစ်ပြီး ခရီးသွားဧည့်သည် ခြောက်ဦး သေဆုံး

နိုင်ရိုဘီ၊ စက်တင်ဘာ ၂ ။          ။ ကင်ညာနိုင်ငံက အမျိုးသားဥယျာဉ်မှာ ရုတ်တရက် ရေကြီးမှုဖြစ်တာကြောင့် ခရီးသွားဧည့်သည် ခြောက်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်းဖြစ်ရပ်ဟာ ရစ်ဖ်ဗီလေးအရပ် Hell’s Gate အမျိုးသားဥယျာဉ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခြင်းဖြစ်တယ်လို့ ကင်ညာ တောရိုင်းတိရစ္ဆာန်ရေးရာဌာနက တွစ်တာကတစ်ဆင့် ထုတ်ပြန်ပါတယ်။

“ရေကြီးမှုမှာ သေဆုံးတဲ့ ရုပ်အလောင်း ခြောက်လောင်းကို ရှာဖွေတွေ့ရှိထားပါပြီ။ ခရီးသွားဧည့်တစ်ဦးကတော့ ပျောက်ဆုံးနေပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီး အသေးစိတ်ကို နောက်ထပ် ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။”လို့ အဆိုပါ တွစ်တာထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားဥယျာဉ်ထဲ ရေကြီးမှု ဘေးရင်ဆိုင်ရတဲ့ ခရီးသွားဧည့်အုပ်စုမှာ ကင်ညာဒေသတွင်း ဧည့်သည်က ငါးဦး၊ လမ်းပြတစ်ဦးနဲ့ ကျန်တစ်ဦးကတော့ မည်သည့်နိုင်ငံသားမှန်း မသိရသေးပါ။ အဲဒိ ရေကြီးမှုဘေး ဖြစ်ပွားအပြီးမှာ ဥယျာဉ်တွင်းက လျှိုကို ပိတ်ထားလိုက်ကြောင်းလည်း ယင်းဌာနက ထုတ်ပြန်ပါတယ်။

ဘေးကြုံရတဲ့ ခရီးသွားအုပ်စုမှ အသက်ရှင်လွတ်မြောက်လာသူနှစ်ဦးက ဥယျာဉ်စောင့်တပ်ဖွဲ့ကို အကြောင်းကြားရာကနေ ခုလို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပွားရာ အမျိုးသားဥယျာဉ်ဟာ မြေအောက်ကနေ ရေနွေးငွေ့တွေ ပန်းထွက်တဲ့ ဘူမိသဘာဝကြောင့် ခရီးသွားဧည့်သည်တွေကြား ရေပန်းစားတဲ့ သဘာဝ အမျိုးသားဥယျာဉ်ပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly