မှတ်တိုင်တွင် ဆိုင်ခန်းဆောက်ခြင်းသည် ကားလက်မှတ်ရောင်းရန်ဟု မြို့တော်ဝန် ဖြေရှင်း

မှတ်တိုင်တွင် ဆိုင်ခန်းဆောက်ခြင်းသည် ကားလက်မှတ်ရောင်းရန်ဟု မြို့တော်ဝန် ဖြေရှင်း

ရန်ကုန်၊ စက်တင်ဘာ ၂ ။         ။ ဘတ်စ်ကားမှတ်တိုင်များတွင် စျေးဆိုင်ဆောက်ခြင်းမဟုတ်ဘဲ ကားလက်မှတ်ရောင်းရန် အတွက် ဆိုင်ဆောက်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

YBS ဘတ်စ်ကားများကို ကတ်စနစ်ပြောင်းရန် စီစဉ်နေပြီး အများပြည်သူကို ကတ်စနစ်နှင့် အသားကျစေရန် ဘတ်စ်ကားလက်မှတ်အရောင်းဆိုင်များလုပ်ဆောင်ရန် စီစဉ်ခြင်းသာဖြစ်ကြောင်း ၄င်းကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

“လိုအပ်တဲ့ လက်မှတ်ရောင်းဖို့ ကောင်တာလေးတစ်ခုပဲ ကျွန်တော်တို့ ဖွင့်ပေးမှာ။ ဆိုင်ဖွင့်တယ်ပြောနေတာ ပေါ်လစီအရ ဆိုင်မဟုတ်ဘူး။ လက်မှတ်ရောင်းဖို့အတွက် ခရီးသွားတဲ့သူတွေ ဝယ်တတ်၊ သုံးတတ်လာအောင် လုပ်ပေးမှ ချောမွေ့အောင်အတွက် လုပ်ပေးတာ။ ဆိုင်ဖွင့်တာမဟုတ်ဘူး။ အဲ့တော့ ဆိုင်ဖွင့်တယ်ဆိုတဲ့ စွဲချက်ကို ထပ်ထပ်ပါလာလို့ ရှိရင် ပွင့်ပွင့်လင်းလင်းပြောတာ မလုပ်တာပဲရှိတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့ရှိ YBS ကားမှတ်တိုင် ၁၈ဝဝ ခန့်တွင် ငါးပေပတ်လည်ရှိ အခန်းများ တည်ဆောက်သွားမည်ဖြစ်ပြီး YBS ဘတ်စ်ကားခ ပေးချေသည့်ကတ်၊ မုန့်၊ ဖုန်းငွေဖြည့်ကတ်၊ ဖုန်းအားသွင်းရန်နေရာနှင့် Wifi အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး ကွမ်းယာနှင့် ဆေးလိပ် ရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း သြဂုတ်လက ပြုလုပ်ခဲ့သော စည်ပင်သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန်က ပြောကြားထားသည်။

၄င်းအစီအစဉ်အပေါ် ပြည်သူအချို့က လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြုလုပ်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဥပဒေတွင် ကော်မတီ၏ ခွင့်ပြုချက်မရဘဲ လမ်းဘေး၊ ပလက်ဖောင်းတွင် စျေးရောင်းခွင့်မပြုထားသောကြောင့် ထိုသို့ ပလက်ဖောင်းပေါ်တွင် အခန်းဆောက်ပြီး စျေးရောင်းခြင်းသည် လမ်းဘေးစျေးသည်များနှင့် ပြဿနာဖြစ်နိုင်ကြောင်း၊ ရန်ကုန်တိုင်း အတိုင်းအတာနှင့် လမ်းဘေးစျေးသည်ပြဿနာကို အရင်ရှင်းရန် စဉ်းစားသင့်ကြောင်း၊ ဥပဒေအရ မကိုက်ညီကြောင်း လွှတ်တော်အမတ်အချို့က ဝေဖန်ပြောဆိုခဲ့သည်။

“လမ်းဘေးစျေးသည်တွေကို ရှင်းတာက တစ်ကဏ္ဍ၊ ခုဟာက တစ်ကဏ္ဍ ဘာမှမဆိုင်ဘူး။ ဘာလို့လဲဆိုတော့ ဟိုဟာက လက်မှတ်ရောင်းဖို့ သက်သက်ကလေးပဲ။ ဒီလက်မှတ်ရောင်းတဲ့ဆိုင်တွေ တန်းစီပြီးတော့ ကျူးကျော်ဆိုင်တွေလို ဖြစ်ဖို့ ကျွန်တော်တို့ ပြောတာမဟုတ်ဘူး” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောသည်။

ဆိုင်ခန်းလုပ်ကိုင်ခွင့်များကို ကြက်ခြေနီ၊ မသန်စွမ်း၊ ကင်းထောက် စသည့် လူမှုအဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပေးရန် ရည်ရွယ်ထားပြီး စိတ်ဝင်စားသူများ YCDC တွင် လျှောက်ထားနိုင်ကြောင်း သြဂုတ်လအတွင်းက နောက်ဆုံးပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စည်ပင်မှ ပြောကြားထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly