ကော်ဖီအပါအဝင် သီးနှံခြောက်မျိုး ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် လက်မှတ်ရေးထိုး

By စိုးချစ်ချစ်ပိုင်
02 September 2019
ကော်ဖီအပါအဝင် သီးနှံခြောက်မျိုး ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် လက်မှတ်ရေးထိုး
ဓာတ်ပုံ - စိုးချစ်ချစ်ပိုင်

ရန်ကုန်၊ စက်တင်ဘာ(၂) ။             ။ ကော်ဖီအပါအဝင် သီးနှံခြောက်မျိုး၏ စံချိန်စံညွှန်းသတ်မှတ်ရေးဆွဲနိုင်ရေးနှင့် ပြည်ပတင်ပို့နိုင်မှု မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် နိုင်ငံတကာလူမှု့အဖွဲ့အစည်းတစ်ခုဖြစ်သည့်   Winerock International နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့တို့ စက်တင်ဘာလ ၂ရက်နေ့ မနက်ပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

“စံချိန်စံညွှန်းသတ်မှတ်ဖို့နဲ့ ပို့ကုန်မြင့်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ပြီးအကူအညီပေးဖို့အတွက်  MOI ရေးထိုးတာဖြစ်ပါတယ်။  ပို့ကုန်မြင့်တင်ရေးအတွက်ကသင်တန်းတွေလုပ်ပေးသွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးကဆိုသည်။

အဆိုပါ သဘောတူညီချက်အရ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်  (USAID) ၏ ပံ့ပိုးမှုဖြင့် ကော်ဖီ၊ ဖရဲ၊သခွား ၊ဂျင်း၊ ပဲပုပ်စေ့နှင့် နှမ်းစသည့် သီးနှံ ခြောက်မျိုးတို့ကို စံချိန်စံညွှန်းသတ်မှတ်ရေးဆွဲနိုင်ရေးနှင့် ပြည်ပ တင်ပို့နိုင်မှု မြင့်တင်နိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ အဓိကအချက်ကတော့ မူဝါဒပိုင်းနဲ့ ပတ်သက်တာတွေ ဖွံ့ဖြိုးတိုးတက်လာအောင်၊၊ သီးနှံတွေကိုအားပေး မြှင့်တင်ဖို့ ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတာတွေ၊ နောက်တစ်ခုကသင်တန်းပိုင်းတွေ ပါမယ်။ နောက်ပြီး နယ်တွေမှာရှိတဲ့ ကုန်သွယ်မှုစင်တာတွေမှာ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မြှင့်တင်တာတွေ ပါလာမယ်” ဟု ၄င်းကဆက်လက်ပြောဆိုသည်။

ယင်းစီမံချက်ကို လာမည့် ဒီဇင်ဘာလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာတွင် အဓိက ဦးစားပေး တင်ပို့နိုင်မည့် ပို့ကုန်အမယ်များ ချမှတ်ကာပြည်ပပို့ကုန် မြင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဖရဲ၊သခွား၊ ပဲပုပ်တို့ကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး၊ဂျင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှမ်းကို အီးယူနိုင်ငံများသို့ အများဆုံးတင်ပို့နေကြောင်းသိရသည်။ကော်ဖီကိုမူ ဟောင်ကောင်၊ အမေရိကန် ၊ကနေဒါ အပါအဝင် နိုင်ငံအတော်များများသို့ တင်ပို့လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly