တိုက်ပွဲများကြောင့် ကလေးများသေဆုံးမှု ရှောင်ရှားပေးရန် ယူနီဆက် တောင်းဆို

တိုက်ပွဲများကြောင့် ကလေးများသေဆုံးမှု ရှောင်ရှားပေးရန် ယူနီဆက် တောင်းဆို
Photo-EPA

ရန်ကုန် ၊ စက်တင်ဘာ ၂ ။           ။ တိုက်ပွဲများအတွင်း၌ ကလေးငယ်များအပေါ် ထိခိုက်စေသည့် တိုက်ခိုက်မှုများကို ရှောင်ရှားပေးရန်နှင့် ကာ ကွယ်ပေးရန် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) က သတင်းထုတ်ပြန် တောင်းဆိုခဲ့သည်။

ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားမြင့်တက် လာချိန်တွင် ယူနီဆက်က ယခုလို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများ စာသင်ကျောင်းများ၊ ဆေးရုံများစသည်တို့ကို ထိခိုက်မှု မဖြစ်စေဘဲ ကာကွယ်ပေးပါရန် ပါဝင်ပတ်သက်သည့် အဖွဲ့များအား တောင်းဆိုအပ်ပါသည်” ဟု ယူနီဆက် ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ပိုမိုများပြားလာနေခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့တွင် သြဂုတ် ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ကိုးနှစ်အရွယ် ယောကျ်ားလေးတစ်ဦး ၊ ရင်ခွင်ပိုက်အရွယ် လသား ကလေးငယ်တစ်ဦး ၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့ရသည်။

ထို့အပြင် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာအတွင်းသို့ လက်နက် ကြီးကျည် ကျရောက်ခဲ့ပြီး ဆယ်တန်းကျောင်းသူတစ်ဦးနှင့် ကလေးငယ်နှစ်ဦး နေရာတွင်သေဆုံးခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးစာရင်းတွင် အရပ်သားပြည်သူ ၁၀၀ ခန့်အထိ ရှိလာပြီလည်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly