နိုင်တဲ့လူ ရှုံး၊ ရှုံးတဲ့လူနိုင်ခဲ့တဲ့ ကြိုတင်မဲ ပါတီတွေအတွက် အရိပ်တစ္ဆေဖြစ်နေ

နိုင်တဲ့လူ ရှုံး၊ ရှုံးတဲ့လူနိုင်ခဲ့တဲ့ ကြိုတင်မဲ ပါတီတွေအတွက် အရိပ်တစ္ဆေဖြစ်နေ

ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းပဲ လိုတော့တဲ့အချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မျက်နှာပန်းမလှခဲ့တဲ့ ကြိုတင်မဲအတွက် ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ စိုးရိမ်နေကြသလို  မဲပေးကြမယ့် မဲဆန္ဒရှင် အချို့ကလည်း ကြိုတင်မဲ ဘယ်လိုပေးရမယ်ဆိုတာ နာမလည်နိုင် ဖြစ်နေကြပါတယ်။

နိုင်တဲ့လူတွေကလည်း ရှုံး၊ ရှုံးတဲ့လူတွေကလည်း နိုင်တဲ့၂၀၁၀ ရဲ့ အရိပ်တစ္ဆေကတော့ ခြောက်လှန့်တုံးပါ NLDက မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဒေါ်ဖြူဖြူသင်း ကလည်း ကိုယ်ပေးလိုက်တဲ့မဲက အမှန်အတိုင်း ဖြစ်လာမလား စိုရိမ်နေပါတယ်။

 

ဒေါ်ဖြူဖြူသင်း။              ။“၂၀၁၀မှာ တုန်းကတော့ အားလုံးသိတဲ့ အတိုင်းပဲလေ။ နိုင်တဲ့ လူတွေကလည်းရှုံး၊ ရှုံးတဲ့လူတွေကလည်း နိုင်။ ဒီကြိုတင်မဲတွေကပဲ ဖြစ်သွားတာလေ။ ပြည်သူတွေ တော်တော်များများကလည်း အဲအပေါ်မှာ တော်တော်လေး စိုးရိမ်တာတွေ ရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မှာတော့ အမှန်တကယ် ကြိုတင်မဲ ပေးရမယ့် အသက်အရွယ် ကြီးရင့်နေတဲ့ အဘိုးအဘွားတွေ၊ ကျန်းမာရေး ချို့တဲ့နေသူတွေတောင် မပေးချင်တော့ဘူး။

ဘာကြောင့်လည်းဆိုတော့ ကြိုတင်မဲရဲ့  ဖြစ်သွားတဲ့ ခံစားရတဲ့ ခံစားမှုကို သိသွားကြတယ်လေ။ အခုလက်ရှိ အနေအထားမှာတော့ နယ်တွေတော့ မဆိုလို ဘူးပေါ့နော်။ ရန်ကုန်မှာကတော့ ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ တော်တော် များများ လူတွေက လန့်နေကြတာ တွေ့ရတယ်။ မပေးချင် ကြဘူးပေါ့နော်။ ကိုယ်ပေးလိုက်တဲ့ မဲက အမှန်အတိုင်း ဖြစ်လာမလား။ ဘယ်လိုမဲ ဖြစ်လာမလဲ။ နောက်တစ်ခုက ကိုယ်မပေးပဲနဲ့ ပေးသလိုများ ဖြစ်လာမလား” လို့ မေးခွန်းထုတ်ပါတယ်။

 

အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့TSI က ဒါရိုက်တာ ဦးကက်ပ်နို က ကြိုတင်မဲနဲ့ ပတ်သက်ပြီး။

ဦးကက်ပ်နို။          ။ ဒီတစ်ခါတော့ နည်းနည်းတော့ သန့်ရှင်းမယ် ထင်ပါတယ်။ ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့လေ။ ဒီတစ်ခေါက်တော့ ရှင်းသွားမှာပါ။ အကုန်လုံး ကြိုတင်မဲကို ဘယ်သူကပေးတယ် ဆိုတာ နာမည်နဲ့ ကပ်ပေးမှာ ဖြစ်တဲ့အတွက် ဘာမှတော့ စိတ်ပူစရာ တော့မရှိဘူး။ ပြီးတော့ ကြိုတင်ပြီးတော့မှ ၆နာရီ မထိုးခင်ရောက်လာမှာ ဖြစ်တဲ့အတွက် ဘယ်သူက ကြိုတင်မဲမှာ ပါသွားပြီ ဖြစ်တယ်ဆိုတာ အကုန်လုံး သိမှာဖြစ်တယ်။ သိပ်ပြီးတော့ နားမရှုပ်လောက်ဘူး၊ မျက်စိ လည်စရာ မရှိလောက်ဘူး။

 

ဦးကက်ပ်နိုက မျက်စိလည်စရာ မရှိလောက်ဘူး ထင်ပေမယ့် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်  ဦးရဲမြင့်ကတော့ သိပ်ပေးချင် သပါ့ဆိုပေး၊ ဒါပေမယ့် ခိုင်ခိုင်လုံလုံတော့ ပေးရမယ်တဲ့။

ဦးရဲမြင့်။               ။ဘယ်သူတွေ ပါလည်းဆိုတော့ ဒီမဲဆန္ဒနယ်မှာ နေတဲ့ သားဖွားတဲ့ လူတို့ အချုပ်ကျတဲ့လူတို့ အချုပ်ခန်းတို့ ဆေးရုံ တက်နေတဲ့လူတို့ ဒါတွေ သူတို့ ပေးနိုင်တယ်။ နောက်တစ်ခါ ရပ်ကွက် ကော်မရှင် လုပ်ငန်းမှာ ပါမယ့်သူတွေ၊ မဲရုံမှူးတို့ ဘာတို့၊ နောက်တစ်ခါ ရုတ်တရက် သေရေးရှင်ရေး တမျှ ခရီးထွက်ရမယ့် ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တွေ တောင်းဆိုနိုင်တယ်။ ဒါပေမယ့် အကြောင်းပြချက် ခိုင်ရမယ်။ ပုံးပေါလအော ပေးလို့မရဘူး။ အကြောင်းပြချက် ခိုင်ရမယ်။ သိပ်ပေးချင်သပါ့ဆိုပေး၊ ဒါပေမယ့် ခိုင်ခိုင်လုံလုံတော့ ပေးရမယ်။

ကျွန်တော်တို့က အဲမှာ သူက ပုံစံ(၁၃)နဲ့ မှတ်တမ်းတင် ထားရမှာ သူ့မဲစာရင်းမှာ မှတ်ပြီးတော့။ မှတ်ပြီးရင် သူက ရွေးကောက်ပွဲ ကျင်းပတဲ့ ၆နာရီမတိုင်ခင်မှာ မဲရုံမှူးကို အဲစာရင်းနဲ့ အပ်ရမှာ။ ၁၃ ကိုလည်း ရပ်ကွက်ရုံးမှာလည်း ကြေညာထားရမယ်။ မဲရုံမှူးကို လည်း ၂ စောင်ပေးရမယ်။ မဲရုံမှူးက သူက တစ်စောင် သိမ်းထားရမယ်။ အဲဒီ ကြိုတင်မဲပေးတာကို မဲရုံမှာလည်း ကပ်ထား ရမယ်။ ၆ နာရီနောက်ပိုင်းမှ လာတဲ့ဟာတွေကို လက်မခံရဘူး။ ၆ နာရီမတိုင်ခင် တည်းက အပ်ရမယ်။ ဒါက ကျွန်တော်တို့က လိုက်တောင်းနေတာ မဟုတ်ဘူးနော်။ သူတို့ မဲပေးခွင့် မဆုံးရှုံးအောင်လို့ ကျွန်တော်တို့က နိုင်ငံပိုင်းအနေနဲ့ လုပ်ပေးနေတာ။

 

ကြိုတင်မဲ အခက်အခဲဟာ ပြည်တွင်းမှာသာ မကဘဲ ပြည်ပရောက် မြန်မာနိုင်ငံသားများ အတွက်လည်း တစ်ပူပေါ် နှစ်ပူ ဆင့်နေတဲ့အနေအထားပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံများမှာ တရားဝင် သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ သန်းချီ ရှိနေပြီး အများစုဟာ လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ အခက်အခဲတွေ တွေ့နေကြရပါတယ်။

မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁ ဒသမ ၇ သန်း ရှိပေမယ့် မဲပေးဖို့ လျှောက်ထားသူ တသောင်း ဝန်းကျင်သာ ရှိ တယ်လို့၊ ဘန်ကောက်ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် က ပြောပါတယ်။

ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံမှာ တရားဝင်နေထိုင် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ သန်း နီးပါးမှာ ကြိုတင်မဲ ပေးရန် လျှောက်ထားသူ ဦးရေဟာ ရှိနေတဲ့ လူဦးရေနဲ့ ယှဉ်ရင် အင်မတန်  နည်းပါး ကြောင်း သက်ဆိုင်ရာ သံရုံး တာဝန်ရှိသူတွေက ပြောကြပါတယ်။ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးရဲမြင့်ကတော့ တစ်ချို့တိုင်း ပြည်တွေမှာ ကြိုတင်မဲ လက်မခံဘူး ပေးခွင့်ရှိတဲ့ လူတွေ မဆုံးရှုံးအောင် လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

 

ဦးရဲမြင့်။    ။ ကြိုတင်မဲဆိုတာ လူတိုင်း ပေးလို့မရဘူး။ ဥပဒေအရ သတ်မှတ်ထားတဲ့ လူပဲ ပေးတာ။ သူ့မဲပေးခွင့် မဆုံးရှုံး အောင်ပေးတာ။ တစ်ချို့ တိုင်းပြည်တွေမှာဆို ကြိုတင်မဲ လုံး၀ အပေးမခံဘူး။ ရှင်းတယ် အဲ့ဒါ။ တစ်ချို့တိုင်း ပြည်တွေမှာ ကြိုတင်မဲ လက်မခံဘူး။ မဲရုံမှာလာပေး။ ဒါပေမယ့် ကျွန်တော် တို့က အဲလိုမလုပ်ဘူး။ သူ့ပေးခွင့်ရှိတဲ့ လူတွေ မဆုံးရှုံးအောင် ကျွန်တော်တို့က အဲဒါတွေ လုပ်ပေးနေတာ။

သူ့ရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ သက်သေတွေရှေ့မှာ မြို့နယ်ကော်မရှင်က ဖွင့်ကြည့် ကြည့်ပြီးတော့ မှတ်တမ်း တင်ထားတာ။ ဒါက မြို့နယ်က ကြိုတင်မဲအပေါ် ရေတွက်စစ် ဆေးတာ။ အဲဒီမှာ သူ့သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ကြည့်မယ်။ ကြည့်လိုက်လို့ရှိရင် ဥပဒေအရ မပေးသင့်တဲ့လူတွေ ပို့ထားရင် သူကန့်ကွက်မယ်။

 

ပြောင်းရွှေ့ အခြေချနေထိုင် လုပ်ကိုင်ကြသူတွေဟာ နိုင်ငံရပ်ခြားမှာသာ ရှိတာမဟုတ်ပါဘူး မြန်မာနိုင်ငံ တွင်းမှာလည်း ရှိပါတယ်။ ရန်ကုန်မန္တလေးလို မြို့ကြီးတွေမှာ ဝမ်းရေးအတွက် ရွှေ့ပြောင်း နေထိုင်လုပ်ကိုင် ကြသူတွေကလည်း သူတို့ လုပ်ကိုင်နေကြရတဲ့ အလုပ်ကြောင့် ကြိုတင်မဲပေးဖို့ စာရင်းသွင်းတဲ့သူက သွင်းလိုနေကြပြီး မဲပေးဖို့ စိတ်အားထက်သန် နေကြပါတယ် ပြင်ဦးလွင်က ကိုကောင်းမြတ်ကတော့

ကိုကောင်းမြတ်။               ။ ကျွန်တော်က နယ်ကနေ ဒီမှာလာ အလုပ် လုပ်နေတာဗျာ။ အဲဒါ ဒီမှာ ၃(က)နဲ့ မဲစာရင်း ပြောင်းဖို့ကျတော့ အလုပ်ရှုပ်နေလို့ အဆင်မပြေဘူး။ အဲဒါ သီတင်းကျွတ် ပြန်ရင်းနဲ့ပဲ ကြိုတင်မဲပေးဖို့ လုပ်ထားတယ်။ ဒါပေမယ့် အဲဒီ ကြိုတင်မဲ ကတော့ ဘယ်လိုလာဦးမလဲ မသိဘူး။ ကော်မရှင်ခွဲတွေကတော့ ဘာပြောဦးမလဲ မသိသေးဘူး။ ကိုယ်ကတော့ ပေးဖို့ မှန်းထားတာပေါ့။

 

ဒီလိုပြောတော့ သူတို့ကို ကျေးဇူးတင်စရာတောင် ကောင်းနေပါပြီ တွံတေးမြို့က ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်သူ ထွန်းထွန်းဦးကတော့ မဲပေးဖြစ်အောင် ပေးမယ့်ပုံပါ။

ထွန်းထွန်းဦး။              ။ ကြိုတင်မဲကတော့ ပြန်ပြီးတော့ ပေးဖို့တော့ စဉ်းစားထားတယ် ခင်ဗျ နယ်ကနေ ပြီးတော့ ကျွန်တော်က အလုပ် လာလုပ်နေတာ ဆိုတော့လေ ကြိုတင်မဲ ပေးဖို့တော့ ပြန်ပြီးတော့ ပုံစံ လျောက်တာတွေ ဘာတွေတော့ မလုပ်ရသေးဘူးဗျ။ ဒီရက်ပိုင်းထဲ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်။

 

မြန်မာနိုင်ငံက လူတွေက အမှန်တွေနဲ့ ကင်းဝေးနေခဲ့ရတဲ့ သူတွေ အကြောက်တရား တွေနဲ့ နေလာခဲ့ကြ သူတွေဆိုတော့ ၂၀၁၀ ဆိုတဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေကြတာပါ ဒေါ်ဖြူဖြူသင်းကတော့ သူတို့ မြို့နယ်မှာ ဆိုရင် ကြိုတင်မဲ မပေးချင်ဘူးတဲ့။

ဒေါ်ဖြူဖြူသင်း။              ။ ကျွန်မတို့ မြို့နယ်မှာ ဆိုရင် ကြိုတင်မဲ မပေးချင်ဘူး။ ဒါပေမယ့် ပြဿနာက ဘာပြဿနာလည်းဆိုတော့ ဝန်ထမ်းတွေရှိတဲ့အခါကျတော့ ဝန်ထမ်းတွေကို ကြိုတင်မဲ ပေးဖို့လို ပုံစံမျိုး၊ နောက်ပြီးတော့ မဲစာရင်းတွေ တောင်းတာမျိုး၊ မဲနံပတ်တွေ နာမည်တွေ နေပြည်တော်ကနေ တောင်းတာမျိုးတွေ လုပ်လာတယ်လေ။ လောလောဆယ်ကတော့ ဘယ်လို ဖြစ်လာဦးမလဲ ဆိုတာ တော်တော်များများက စိုးရိမ် နေကြတယ်လေ။ အဲဒီလိုမျိုး မဲပေးနံပတ်တွေ ကြိုတောင်းပြီးတော့ တော်တော်များများ ကြိုတောင်းပြီးတော့ ဘယ်လိုများ လုပ်ဦးမလည်း တော်တော်များများ စိုးရိမ်ကြတယ် ရန်ကုန်မှာရှိတဲ့ ပြည်သူ တော်တော်များများကတော့ ကြိုတင်မဲကို တော်တော် လန့်ကြတယ်။ မဲပေးတဲ့ နေ့ကျမှပဲ ပေးကြမယ်ဆိုပြီးတော့ ပြင်ဆင်နေတာတွေ တွေ့ရတယ်။

ပြည်တွင်းက စိုးရိမ်နေကြသူများရှိသလို ပြည်ပရောက် မြန်မာတွေကလည်း ဆန္ဒမဲတွေ တခြားရောက် သွားမှာကို မလိုလားမှုများနဲ့ မဲမသမာမှုများ ဖြစ်ပွားမှာကို စိုးရိမ်မှုတွေ ကလည်း ရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly