မန္တလေးတက္ကသိုလ်အတွင်း တင်ဒါမခေါ်ဘဲ Food Court တည်ဆောက်သည်ဟုဆိုကာ ဆန္ဒပြ

မန္တလေးတက္ကသိုလ်အတွင်း တင်ဒါမခေါ်ဘဲ Food Court တည်ဆောက်သည်ဟုဆိုကာ ဆန္ဒပြ
(ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(စက်တင်ဘာ ၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေကို ဖောက်ဖျက်၍ မန္တလေးတက္ကသိုလ်ဝန်းအတွင်း Food Court တည်ဆောက်ခဲ့သည်ဟုဆိုကာ ကျောင်းအုပ်ချူပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရန် စက်တင်ဘာလ ၂ ရက်၊ နံနက် ၁၀ နာရီက မန္တလေးတက္ကသိုလ်တွင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် (၇)ဦးက ဆန္ဒပြခဲ့ကြသည်။

"ပါမောက္ခချုပ်ကနေပြီး နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ၁/၂၀၁၇ ကို ဖောက်ဖျက်တယ်။ တင်ဒါခေါ်တာမရှိပဲနဲ့ Food Court ဆောက်လုပ်တယ်။ ပြီးတော့ Food Court ဆောက်လုပ်မှုမှာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လည်း မရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မယမင်းဦးက ပြောသည်။

ဆန္ဒပြသူများက ‘မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊ စစ်ဆေး၊ အရေးယူပေးရေး’၊ ‘ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သောစုံစမ်းစစ်ဆေးရေး အဖွဲ့အား အယုံအကြည်မရှိ’၊ ‘မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချူပ် အလိုမရှိ’၊ ‘ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သားစွာ ချပြရေး’ စသည့်တို့ကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

အဆိုပါ Food Court တည်ဆောက်မှုနှင့်ပတ်သက်ပြီး မန္တလေးတက္ကသိုလ်၏ အမြင့်ဆုံး အစည်းအဝေးဖြစ်သော စီမံခန့်ခွဲရေး အစည်းအဝေးမှတ်တမ်းများကို ပြင်ဆင်မှုများ ရှိကြောင်းနှင့် ထိုကိစ္စကို ကျောင်းသားသမဂ္ဂက သဘောတူသယောင် လက်မှတ်အတုလုပ်ဆောင်မှုများလည်း ရှိသည်ဟု ဆန္ဒပြသူများက ပြောကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ကမူ “ဆရာတို့ ကျောင်းအနေနဲ့ကတော့ ဝန်ကြီးဌာနရဲ့ ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက် စောင့်နေတာ။ ဆရာတို့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်ရတာ ဖြစ်တယ်” ဟု ဆိုသည်။

မန္တလေးတက္ကသိုလ်အတွင်း အစားအသောက်များ တစ်နေရာထဲတွင် အစုံအလင်ရနိုင်သည့် Food Court တစ်ခုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ယခုအခါ တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သည့် ကျောင်းချုပ်ရေးအဖွဲ့ကို စိစစ်၊ အရေးယူပေးရန် နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြောင်းလည်း သိရသည်။

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly