ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီးစားလို့ရမလား

ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီးစားလို့ရမလား

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ပိန္နဲသီးကြိုက်တယ်။ မွှေးနေတာပဲ။ စားချင်လိုက်တာ။ ကိုယ်ဝန်ဆောင်ထားရလို့ စားလို့ဖြစ်ပါ့မလား၊လို့တွေးနေတဲ့ မမဗိုက်တို့ရေ… ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးစားလို့ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီး စားလို့ရလားဆိုတော့ မစားဖို့ပြောကြတာရှိသလို စားလို့ရတယ်လို့ပြောကြတာလည်းရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အစားအသောက်ကို ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်မှာပါ။ လေ့လာချက်တိတိပပ မရှိပေမယ့် တော်တေ်ာများများကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးမစားတာ အကောင်းဆုံးပါ၊လို့ပြောနေကြပါတယ်။
ဒီလိုအခြေအနေတွေကတော့ လုံးဝမစားသင့်ပါဘူး

ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဒီလိုအခြေအနေရှိနေမယ်ဆိုရင်တော့ ပိန္နဲသီးမစားသင့်ပါဘူး။

ဆီးချိုရောဂါရှိနေရင် – ပိန္နဲသီးက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိတဲ့ မေမေတွေမစားသင့်ပါဘူးနော်။

သွေးရောဂါတစ်ခုခုရှိသူတွေ – ပိန္နဲသီးက သွေးခဲစေနိုင်တာကြောင့် သွေးရောဂါတစ်ခုခုရှိသူတွေ မစားသင့်ပါဘူး။

အစာခြေစနစ်အားနည်းသူတွေ – ပိန္နဲသီးက အမျှင်ဓာတ်များပြီး အစာကြေခဲတာကြောင့် အစာခြေစနစ် ပြဿနာရှိသူတွေ မစားသင့်ပါဘူး။

ပိန္နဲသီးနဲ့ဓာတ်မတည့်သူတွေ – ပိန္နဲသီးစားပြီးတိုင်း အော့အန်တယ်။ ဝမ်းသွားတယ်ဆိုရင် ပိန္နဲသီးနဲ့ဓာတ်မတည့်တာဖြစ်နိုင်တာကြောင့် မစားပါနဲ့။
ကိုယ်ဝန်ဆောင်နဲ့ပိန္နဲသီး

အပေါ်ကအခြေအနေတွေမရှိဘူးဆိုရင်တော့ ပိန္နဲသီးကို အနည်းအကျဉ်းစားလို့ရပါတယ်။ ပိန္နဲသီးစားသုံးပေးတာက ကိုယ်ဝန်ဆောင်မေမေအတွက် အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

သတ္တုဓာတ်တွေရရှိစေနိုင်တယ်

ပိန္နဲသီးက ကယ်လ်ဆီယမ်၊ ဇင့်၊ ၊ ဘီတာ ကယ်ရိုတင်းတို့ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေကို ပြည့်ပြည့်ဝဝရရှိစေမှာပါ။

သွေးပေါင်ကျစေနိုင်တယ်

ကိုယ်ဝန်ဆောင်သွေးတိုးကို ကာကွယ်ပေးသလို သွေးတိုးရှိသူတွေမှာလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးကို ကာကွယ်ချင်သူတွေ စားပေးလို့ရပါတယ်။

အင်အားပြည့်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ မောပန်းလွယ်တာ၊ မအီမသာဖြစ်တာတွေကို လျော့ပါးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အားပြည့်လန်းဆန်းနေစေမယ့် အစားအစာတစ်ခုပါ။

ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်

အမျှင်ဓာတ်ပါဝင်နေတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

ဆိုဒီယမ်ပါဝင်မှုနည်းတယ်

အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရတဲ့ အသီးတစ်ခုပါ။

သန္ဓေသားကိုကြီးထွားစေတယ်

ဗီတာမင် အေ၊ ဗီတာမင် စီ၊ဖောလိတ်၊ သံဓာတ်တို့ပါဝင်နေတာကြောင့် ပိန္နဲသီး အတန်အသင့်စားသုံးပေးမှုက သန္ဓေသားလေးကြီးထွားဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

စိတ်ဖိစီးမှုလျော့ကျစေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ဘေဘီလေးအတွက် မကောင်းတဲ့အရာဆိုတော့ ပိန္နဲသီး နည်းနည်းလောက်စားလို့ စိတ်ဖိစီးမှု ကင်းကင်းနေလိုက်ပါ။

ကိုယ်ခံအားကောင်းစေတယ်

ကိုယ်ဝန်ဆောင်မေမေကိုယ်ခံအားကောင်းစေဖို့ လိုအပ်တဲ့ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းနေစေဖို့ စားပေးသင့်ပါတယ်။
ပိန္နဲသီးမစားပါနဲ့ပြောရတဲ့အကြောင်းအရင်းက

သွေးတွင်းသကြားဓာတ်မြင့်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ဆီးချိုခံစားနေရသူတွေအနေနဲ့ အချိုဓာတ်ကဲတဲ့ ပိန္နဲသီးကို စားသုံးမှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တြွဲပဿနာတွေ မေမေရောဘေဘီမှာပါခံစားနိုင်ရတာကြောင့် မစားဖို့ပြောရတာပါ။ ပိန္နဲသီးက အခန့်မသင့်ရင် ဝမ်းပျက်စေနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆာင်မေမေတို့အနေနဲ့ အများကြီးစားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ပိန္နဲသီးကြိုက်တယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးကို နည်းနည်းလောက်ပဲစားပေးပါလို့ အကြံပြုပါရစေနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly