ဝင်းနှင့် ဇော်တို့ပြန်လည်လွတ်မြောက်ရေး အမျိုးသားရေးလှုပ်ရှားသူများ ငြိမ်းချမ်းစွာတောင်းဆို

ဝင်းနှင့် ဇော်တို့ပြန်လည်လွတ်မြောက်ရေး အမျိုးသားရေးလှုပ်ရှားသူများ ငြိမ်းချမ်းစွာတောင်းဆို
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ စက်တင်ဘာ ၂ ။         ။ ထိုင်းနိုင်ငံတွင် လူသတ်မှုစွဲချက်ဖြင့် သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဝင်းနှင့် ဇော်တို့ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားရေးလှုပ်ရှားသူများက ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်။

စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံရှေ့တွင် အဆိုပါတောင်းဆိုပွဲကို ပြုလုပ်ခဲ့ကြပြီး ထိုင်းဘုရင်ထံလည်း အသနားခံစာ တစ်စောင် ပေးပို့ခဲ့သည်။

“ တရားခံအစစ်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့က လူသတ်သမားဘက်ကမရပ်တည်ပါဘူး။ အကိုတို့စာထဲမှာ လည်း ဒီအတိုင်းပဲရေး ထားပါတယ်။ တရားခံအစစ်မဟုတ်ဘဲ ခံရမယ့်သေဘေးကိုတော့ ကယ်တင်ပေးစေချင် တယ်။ ထိုင်းဘုရင်မင်းမြတ်ကြီးသာ ကယ်တင်ပေးလို့ရတော့မှာဖြစ်တဲ့အတွက် မေတ္တာ၊ ဂရုဏာစိတ်ထားပြီး ဇော်လင်းနဲ့ ဝင်းဇော်ထွန်းကို ရင်ခွင်သားကဲ့သို့မှတ်ယူပြီး အသက်ဘေးက ကယ်တင်ပေးပါဆိုပြီး ရေးသား တောင်းဆို ထားတာပါ” ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုနောင်တော်လေးကပြောသည်။

အဆိုပါဖြစ်စဉ်အပေါ် အမှုစစ်ဆေးချက်များအရ ဝင်းနှင့် ဇော်တို့သည် ဗြိတိန်နိုင်ငံသား နှစ်ဦးကိုသတ်ခဲ့သည်ဟု မပေါ်လွင်ဘဲဖြစ်နေကြောင်း ထို့အပြင် လိပ်ကျွန်းအမှုတွင်ပါဝင်ပတ်သက်နေသည့် အခြားနိုင်ငံများမှလည်း ဝင်းနှင့် ဇော်တို့ နှစ်ဦးကိုလူသတ်တရားခံဟု မှတ်ချက်မပေးထားကြောင်း ကိုနောင်တော်လေးကဆိုသည်။

“သူတို့လွတ်မြောက်ရေးအတွက် မေတ္တာပို့ပေးပါ။ ဘုန်းကြီးတို့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ကလည်းပဲ ဘုန်းကြီး တို့နိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့အသက်ကို ကယ်ဆယ်သော အားဖြင့် အသနားခံစာတင်ပေးပါလို့ ဒီနေရာကနေပြီးတော့ မြန်မာနိုင်ငံမှာရှိသော အဖွဲ့အစည်း အသီးသီး ကလည်းပဲ ကူညီကြပါလို့ တိုက်တွန်းရင်း ဘုန်းကြီးရဲ့ပြောကြားချက်ကို နိဂုံးချုပ်ပါတယ်” ဟု မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခကလည်းပဲ ဟောပြောခဲ့သည်။

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးအတွက် ထိုင်းဘုရင့်ထံ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က စက်တင်ဘာ ၁ ရက်နေ့ကပြောဆိုခဲ့ သည်။

ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ လိပ်ကျွန်းရှိ စိုင်ရီကမ်းခြေတွင် ဗြိတိန်နိုင်ငံသား မစ္စတာဒေးဗစ် မီလော်နှင့် မစ္စဟာနာ ဗစ်တိုရီယာတို့၏ အလောင်းကိုတွေ့ရှိခဲ့ပြီး ထိုင်းရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး နောက် သံသယတရားခံဟုဆိုကာ ဝင်းနှင့် ဇော်တို့ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် လူသတ်၊ အဓမ္မပြုကျင့်၊ ပစ္စည်းလုစသည့် စွဲချက်များဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၌ ကော့စမွီခရိုင်တရားရုံးတွင် သေဒဏ် ချမှတ်ခဲ့သည်။

မြန်မာဘက်မှ ၎င်းတို့နှစ်ဦးအတွက်ပြင်ဆင်တင်သွင်းခဲ့သည့် အယူခံအဆင့်ဆင့်မှာ ရှုံးနိမ့်ခဲ့ရ၍ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ အယူခံ ထပ်မံတင်သွင်းခဲ့ရာ သြဂုတ် ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးမှ မူလ တရားရုံး၏သေဒဏ်အမိန့်ကိုသာ ဆက်လက်တည်ပြုခဲ့သောကြောင့် ထိုင်းဘုရင်ထံ အသနားခံစာ တင်ရန် သာကျန်ရှိတော့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly