ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဓာတ်လှေကားထဲ ပိတ်မိခဲ့၍ မီးသတ်သမားများ ကယ်ထုတ်ခဲ့ရ

By AFP
02 September 2019
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဓာတ်လှေကားထဲ ပိတ်မိခဲ့၍ မီးသတ်သမားများ ကယ်ထုတ်ခဲ့ရ

စက်တင်ဘာ ၂ ။             ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ယမန်နေ့ စက်တင်ဘာ ၁ ရက်က ဗာတီကန် ဓာတ်လှေကားတစ်ခုထဲမှာ ၂၅ မိနစ်ကြာ ပိတ်မိခဲ့တယ်လို့ သိရပြီး ၎င်းကို မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက် ကယ်ထုတ်ခဲ့ရပါတယ်။

အဲဒီလို ဓာတ်လှေကားထဲ ပိတ်မိနေလို့ အပတ်စဉ် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နောက်ကျမှ ရောက်ခဲ့တဲ့အတွက်လည်း ၎င်းက တောင်းပန်သွားခဲ့့ပါတယ်။

ဓာတ်လှေကားထဲ ပိတ်မိနေခဲ့တဲ့အတွက် ဆုတောင်းပွဲကို ရောက်ရမယ့်အချိန်ထက် ခုနစ် မိနစ် နောက်ကျပြီးမှ ရောက်သွားတဲ့အတွက် တောင်းပန်ကြောင်း ယင်းနေ့က စိန့် ပီတာ ရင်ပြင်ရှိ လူထုပရိသတ်ကို ပြောကြားသွားခဲ့ပါတယ်။

မီးအား ကျသွားတဲ့အတွက် ဓာတ်လှေကား ရုတ်တရက် ရပ်သွားကြောင်း၊ ယင်းနောက် ဗာတီကန် မီးသတ်ဌာနက တာဝန်ရှိသူတွေက ၎င်းကို လာကယ်ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။

“ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ ဓာတ်လှေကားထဲမှာ ၂၅ မိနစ်လောက် ပိတ်မိနေခဲ့တာပါ၊ နောက်တော့ မီးသတ်သမားတွေ ရောက်လာကြပါတယ်၊ သူတို့ကို တကယ် ကျေးဇူးတင်ပါတယ်၊ သူတို့အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုပေးလိုက်ကြရအောင်”  ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly