ONE Championship တွင် ချန်ပီယံဆုကို အချိန် အကြာဆုံး ကာကွယ်နိုင်သူ ၄ ဦး

ONE Championship တွင် ချန်ပီယံဆုကို အချိန် အကြာဆုံး ကာကွယ်နိုင်သူ ၄ ဦး

ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံး ကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြသည့် ONE Championship ပြိုင်ပွဲတွင် ချန်ပီယံတစ်ဦး ဖြစ်ရန် ဆိုသည်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ ချန်ပီယံခါးပတ်ကို ရယူရန် မိမိဝိတ်တန်းရှိ ထိပ်တန်းကစားသမားများကို ယှဉ်ပြိုင်ကျော်ဖြန်ရမယ့် အပြင် လက်ရှိချန်ပီယံကိုပါ စိန်ခေါ်ထိုးသတ်ရမည်ဖြစ်သည်။ ထို့အပြင် ချန်ပီယံဖြစ်သွားမည်ဆိုလျှင်လည်း ချန်ပီယံခါးပတ်ကို ပိုမိုခက်ခဲစွာ ကြိုးစားထိန်းသိမ်းရလေ့ရှိသည်။ ထို့ကြောင့် ONE Championship သမိုင်း တစ်လျှောက် ကမ္ဘာ့ ချန်ပီယံ မြောက်မြားစွာ ပေါ်ထွက်ခဲ့သည့် အနက် ယင်းချန်ပီယံ ခါးပတ်ကို အချိန် အကြာဆုံး ကာကွယ်နိုင် ခဲ့သူအချို့ အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

၁။ Bibiano Fernandes

ONE Championship ၏ သမိုင်းတစ်လျှောက် ချန်ပီယံ ခါးပတ်ကို အချိန်အကြာဆုံး ကာကွယ်နိုင်ခဲ့သည့် ကစားသမား အဖြစ် မှတ်တမ်း တင်ခံရသူမှာ ဘန်တန်ဝိတ်တန်းမှ ဘရာဇီး ကစားသမား Bibiano “The Flash” Fernandes ဖြစ်သည်။ Fernandes သည် ONE Championship ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စတင် သိမ်းပိုက်နိုင်ခဲ့သည့် ၂ဝ၁၃ အောက်တိုဘာ ၁၈ မှ ပြန်လည် လက်လွှတ် ခဲ့ရသည့် ၂ဝ၁၈ နိုဝင်ဘာ ၉ ရက် အထိ ငါးနှစ်ကျော် (ရက်ပေါင်း ၁၈၄၈ ရက်) ထိန်းသိမ်း သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်သည်။ အဆိုပါ ငါးနှစ်ကျော် ကာလအတွင်း ချန်ပီယံ ကာကွယ်ပွဲ ၇ ပွဲ ယှဉ်ပြိုင်ခဲ့ရပြီး စိန်ခေါ်သူ ၇ ဦး စလုံးကို အနိုင်ရခဲ့သည်။ ယင်း ၇ ဦးထဲတွင် လိုက်ဝိတ်နှင့် ဖယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ်နှစ်ခု သိမ်းပိုက်ထားသည့် Martin Nguyen ကဲ့သို့ ကစားသမားပင် ပါဝင်သည်။

အဋ္ဌမမြောက် စိန်ခေါ်သူ Kevin Belingon ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့၍သာ ချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် နောက် လေးလ အကြာတွင် Fernandes သည် Belingon ကို မကျေပွဲ ပြန်လည် စိန်ခေါ်ထိုးသတ် ခဲ့ရာ Belingon က တရား မဝင်သည့် နည်းလမ်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ၎င်း၏ ချန်ပီယံခါးပတ် ပြန်သိမ်းရန် ဆုံးဖြတ်ခံခဲ့ရသည်။ ထို့ကြောင့် အသက် ၃၉ နှစ် ရှိသူ Fernandes သည် ချန်ပီယံ ခါးပတ်ကို တစ်ကျော့ပြန် ရရှိခဲ့ပြီး လက်ရှိ ဘန်တန်ဝိတ်တန်း ချန်ပီယံ အဖြစ် ရပ်တည်နေသူ ဖြစ်သည်။ Belingon နှင့် Fernandes ၏ မကျေပွဲကို လာမည့် အောက်တိုဘာတွင် ကျင်းပမည့် ONE: Century ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည်ဟု ONE Championship က တရားဝင် ကြေညာထားသည်။

၂။ Brandon Vera

ONE Championship တွင် ဟဲဗီးဝိတ်တန်း ပြိုင်ပွဲများ စတင်ထည့်သွင်း ကျင်းပစဉ်ကတည်းက ပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိ ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ထားသည့် ကစားသမားမှာ အမေရိကန်/ဖိလစ်ပိုင် ကစားသမား Brandon “The Truth” Vera ဖြစ်သည်။ Vera သည် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စတင် သိမ်းပိုက်နိုင်ခဲ့သည့် ၂ဝ၁၅ ဒီဇင်ဘာ ၁၁ မှ ယနေ့ အချိန်အထိ လေးနှစ်နီးပါး (ရက်ပေါင်း ၁၃၅၃ ရက်) ကာကွယ်ထားခဲ့သူ ဖြစ်သည်။ ၎င်းယှဉ်ပြိုင်ရမည့် အနီးကပ်ဆုံး ပြိုင်ပွဲမှာ လာမည့် အောက်တိုဘာ ၁၃ ရက် ဖြစ်သော်လည်း ဟဲဗီးဝိတ် ချန်ပီယံ စိန်ခေါ်ပွဲ မဟုတ်သဖြင့် ၎င်း၏ ချန်ပီယံ ခါးပတ်ကို နောက်ထပ် စိန်ခေါ်ပွဲ မရောက်မချင်း ဆက်လက် ထိန်းသိမ်း ထားနိုင်မည် ဖြစ်သည်။

အသက် ၄၁ နှစ်ရှိသူ Vera သည် ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်နေသည့် လေးနှစ်နီးပါး ကာလအတွင်း စိန်ခေါ်သူ နှစ်ဦးသာ ရှိခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးကို ပထမ အချီတွင်ပင် အလဲထိုး အနိုင်ယူခဲ့သည်။ UFC ကစားသမားဟောင်း Vera သည် ONE Championship တွင် ပွဲပေါင်း ၄ ပွဲသာ ကစားရသေး သော်လည်း ပွဲတိုင်းကို ပထမအချီ အတွင်း အလဲထိုးသည့် ရလဒ်များဖြင့်သာ အနိုင်ယူခဲ့သည်။ လာမည့် အောက်တိုဘာတွင် ကျင်းပမည့် ONE: Century ပြိုင်ပွဲတွင် Vera သည် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်ကို အောင်လအန်ဆန် ထံမှ လုယူပြီး ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်ရန် မျှော်မှန်းနေသူ ဖြစ်သည်။

 ၃။ Shinya Aoki

ဂျပန် ဝါရင့်ကစားသမား Shinya Aoki သည် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ONE Championship ၏ လိုက်ဝိတ်တန်းတွင် ချန်ပီယံ ခါးပတ်ကို ကာလအရှည်ဆုံး ကာကွယ်ထား နိုင်ခဲ့သူ ဖြစ်သည်။ Aoki သည် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စတင် သိမ်းပိုက်နိုင်ခဲ့သည့် ၂ဝ၁၃ ဧပြီ ၅ မှ ပြန်လည် လက်လွှတ် ခဲ့ရသည့် ၂ဝ၁၆ နိုဝင်ဘာ ၁၁ ရက် အထိ သုံးနှစ်ကျော် (ရက်ပေါင်း ၁၃၁၆ ရက်) ကာကွယ်နိုင် ခဲ့သူ ဖြစ်သည်။ အဆိုပါ သုံးနှစ်ကျော် ကာလအတွင်း ချန်ပီယံဆု အတွက် စိန်ခေါ်လာသူ ၂ ဦးကို အနိုင်ယူခဲ့ပြီး တတိယမြောက် စိန်ခေါ်သူ Eduard Folayang ကို ရှုံးနိမ့်ခဲ့သဖြင့်သာ ချန်ပီယံ ခါးပတ် လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

အသက် ၃၆ နှစ်ရှိသူ Aoki သည် အဆိုပါ ပြိုင်ပွဲအပြီး နှစ်နှစ်ခွဲခန့် အကြာတွင် Folayang ကို နောက်တစ်ကြိမ် ပြန်လည် စိန်ခေါ်ခွင့် ရခဲ့ည်။ ယခုပွဲတွင်တော့ Aoki သည် ယခင်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး Folayang လက်ထဲမှ လိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ပြန်လည် သိမ်းပိုက်ခဲ့သည်။ သို့သော် Aoki ၏ ယခုတစ်ကြိမ် ချန်ပီယံ ဘဝမှာ သက်တမ်းမရှည်ခဲ့ဘဲ ရက်ပေါင်း ၄၇ ရက် အကြာတွင်ပင် ၎င်း၏ ပထမဆုံး ချန်ပီယံ ကာကွယ်ပွဲအဖြစ် စင်ကာပူ လူငယ်ကစားသမား Christian Lee နှင့် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံ ခါးပတ်ကို ပြန်လည်လက်လွှတ် ခဲ့ရသည်။

 ၄။ Angela Lee

ONE Championship ပြိုင်ပွဲတွင် အမျိုးသမီး အက်တမ်ဝိတ်တန်း ပြိုင်ပွဲများ စတင်ထည့်သွင်း ကျင်းပစဉ် ကတည်းက ပါဝင်လာခဲ့သည့် Angela “Unstoppable” Lee သည် ယင်းဝိတ်တန်း၏ သက်တမ်း အရှည်ဆုံးနှင့် လက်ရှိ ချန်ပီယံလည်း ဖြစ်သည်။ Lee သည် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စတင် သိမ်းပိုက်နိုင်ခဲ့သည့် ၂ဝ၁၆ မေ ၆ မှ ယနေ့ အချိန်အထိ သုံးနှစ်ကျော် ကာကွယ်ထား ခဲ့သူ ဖြစ်သည်။ ၎င်း၏ အနီးကပ်ဆုံး ချန်ပီယံ စိန်ခေါ်ပွဲမှာ လာမည့် အောက်တိုဘာ ၁၃ ရက် ဖြစ်သဖြင့် ယင်းနေ့တွင် အနိုင်မရလျှင်ပင် အက်တမ် ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ရက်ပေါင်း ၁၂၅၅ ရက် ကာကွယ်နိုင်သူ ဖြစ်လာမည် ဖြစ်သည်။

Lee သည် ချန်ပီယံ ဖြစ်ခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း စိန်ခေါ်သူ သုံးဦးကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့ သုံးဦးစလုံးကို အနိုင်ရခဲ့သည်။ အသက် ၂၃ နှစ်သာ ရှိသေးသူ Lee သည် ONE Championship ၏ အက်တမ်ဝိတ်တန်းတွင် ၉ ပွဲ ပါဝင်ကစားခဲ့ရာ ၉ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် မတ်လက စတောဝိတ်တန်းသို့ တန်းတက်ကာ ချန်ပီယံ Xiong Jing Nan ကို စိန်ခေါ်ထိုးသတ် ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သဖြင့်သာ ဝိတ်တန်းနှစ်ခု ချန်ပီယံ မဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် နောက်ထပ် စတောဝိတ်တန်း ပွဲတစ်ပွဲ ဖြစ်သော Michelle Nicolini နှင့် ပွဲတွင်လည်း ထပ်မံရှုံးနိမ့် ထားသည်။ လာမည့် အောက်တိုဘာတွင် ကျင်းပမည့် ONE: Century ပြိုင်ပွဲတွင် ၎င်းနှင့် တစ်ကြိမ်ရင်ဆိုင် ခဲ့ဖူးသည့် စတောဝိတ်တန်း ချန်ပီယံ Jing Nan က အက်တမ်ဝိတ်တန်း ချန်ပီယံ ခါးပတ်အတွက် ပြန်လည် စိန်ခေါ်မည် ဖြစ်သဖြင့် ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly