ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်
Photo - EPA

ရန်ကုန် ၊ စက်တင်ဘာ ၂ ။           ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကာ မုန်တိုင်းငယ်အဖြစ် ကူးပြောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က သုံးသပ်ပြောဆို ထားသည်။

လက်ရှိတွင် ပဲခူး ၊ မကွေး ၊ နေပြည်တော် ၊မန္တလေး ၊ ရခိုင် ၊ မွန် ၊ ကရင်ပြည်နယ်တို့တွင် မိုးကြီးနေပြီး ရေဘေးအန္တရာယ် ဆက်လက်ကြုံရဖွယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ၊ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂ ရက် နံနက် ဆယ်နာရီခွဲအချိန်တွင်  သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်သည် တတိယရေကြီးကာလရောက်နေပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးပိုကောင်းလာနိုင်သည့် အတွက် သတိထားရန်လိုအပ်သည်ဟု ဒေါက်တာထွန်းလွင်က ပြောဆိုထားသည်။

မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ မွန် ၊ တနင်္သာရီ ကမ်းရိုးတန်းနှင့်  ကမ်းလွန်ပင်လယ်ပြင်များတွင် လှိုင်းကြီးနိုင်ပြီး ကျန် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်ရှိမည်ဟု မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ မွန် ၊ တနင်္သာရီ ကမ်းရိုးတန်းနှင့်  ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေ မှ (၁၅) ပေ အထိ မြင့်တက်နိုင်ပြီး ကျန် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃) ပေ မှ (၇) ပေ ခန့်အထိ ရှိနေကြောင်း ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly