မန္တလေးတွင် ရေကြီးရေလျှံမဖြစ်စေရန် မီးစက် တပ်ဆင်ကာ ရေစုပ်ထုတ်သွားမည်

မန္တလေးတွင် ရေကြီးရေလျှံမဖြစ်စေရန် မီးစက် တပ်ဆင်ကာ ရေစုပ်ထုတ်သွားမည်
(ဓာတ်ပုံ၊ဒေါက်တာရဲလွင်)

မန္တလေး၊ စက်တင်ဘ ၁ ။         ။ မန္တလေးမြို့ ရေကြီးရေလျှံကာကွယ်ရေးအတွက် မိုးရေထိန်းကန်မှ ရေများစုပ်ထုတ်ရာ၌ မိုးရွာလျှင် လျှပ်စစ်မီး ပြတ်လေ့ရှိသောကြောင့် 500 KVA မီးစက် တပ်ဆင်၍ ရေများ စုပ်ထုတ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

မန္တလေးမြို့၊ ရေကြီးရေလျှံမဖြစ်ပေါ်စေရန်အတွက် ချမ်းမြသာစည်မြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ရေဂါလံ သိန်း ၃၀ ဆန့်သည့် မိုးရေထိန်းကန်တွင် Submersible pump လေးခု တပ်ဆင်ထားပြီး သုံးခုမောင်း၊ တစ်ခုနားစနစ်ဖြင့် တစ်နာရီ ရေဂါလံ သုံးသိန်းခွဲ စုပ်ထုတ်နိုင်ကြောင်း ၎င်းက ဆိုသည်။

"သုံးခု မောင်း၊ တစ်ခု နားက အများဆုံးဖြစ်နေတဲ့အချိန်ပေါ့။ Level သုံးခု ခွဲထားတယ် ။ Low Level ဆို တစ်လုံးပဲ ။ Middle Level ဆို နှစ်လုံး။ High Level ဆို သုံးလုံး မောင်းမယ်။ ပြီးရင် တစ်လုံးနားပြီး နောက်တစ်လုံး ပြန်မောင်း။ ခက်တာက လျှပ်စစ်။ အဲ့ဒီတော့ မနေ့က ညက မိုးရွာတယ်။ ရေတွေ စုပ်တယ် ။ အဲ့ဒီအချိန်မှာ ရပ်သွားတယ်။ မိုးသာ တိတ်နေတာ ရေတွေဆက်လာတယ်။ လမ်းပေါ်မှာ ရေရောက်သွားတယ်။ မီးလာတော့ ပြန်မောင်းပေးတော့ လမ်းပေါ် ရေ လုံးဝမရှိတော့ဘူး။"ဟု ၎င်းက ပြောသည်။

မန္တလေးမြို့သည် ယခင်က မိုးရာသီတွင် လမ်းပေါ်ရေလျှံခြင်းများ၊အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျှက်ရှိခဲ့ကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေကြီး၊ ရေလျှံကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါတွင် မိုးရွာပြီး မကြာခင်မှာပင် ရေလျှံရေဝင်မှုများ မရှိစေရန်အတွက် မိုးရေစုကန်များအတွင်းသို့ စုပ်ထုတ်ပေးမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

"အခုက သိသာလာတယ်။ အရင်က ကျွန်တော်တို့ ၈၆ လမ်းအောက်ဘက်ဆို မိုးရွာတာနဲ့ လမ်းပေါ် ရေလျှံတော့တာပဲ။ အခုကတော့ မိုးရွာပြီးတာနဲ့ ရေက မရှိတော့ဘူး။ ဒီနေရာမှ မဟုတ်ပါဘူး။ လမ်း ၃၀ ဘူတာကြီးရှေ့ဆိုလည်း အရင်လို လမ်းပေါ် ရေလျှံတာ နည်းသွားတယ်။"ဟု မန္တလေးမြို့ခံ သမိုင်းသုတေသီ ဦးအောင်ကျော်မိုး(ပန်းပျိုးလက်)က ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မန္တလေးမြို့ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ရေမြောင်းများ ပြုပြင်တည်ဆောက်ခြင်းနှင့် မိုးရေစုကန်များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly