သဖန်းဆိပ်ဆည် ရေကျချိန်တွင် ပြန်ပေါ်လာသော မြို့ဟောင်းနှင့်ကျေးရွာများသို့ လာကြည့်ရှုသူ များပြား

သဖန်းဆိပ်ဆည် ရေကျချိန်တွင် ပြန်ပေါ်လာသော မြို့ဟောင်းနှင့်ကျေးရွာများသို့ လာကြည့်ရှုသူ များပြား
ဓာတ်ပုံ - နေခြည်သစ်(ကျွန်းလှ)

မုံရွာ၊ စက်တင်ဘာ ၁ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည် ရေလျော့နည်းနေချိန်တွင် ဆည်ရေအောက်ရှိ ယခင်အဆောက်အဦများ၊ ကျေးရွာများ ပြန်ပေါ်လာသည့်အတွက် လာရောက် ကြည့်ရှုသူ များပြားနေကြောင်း သိရသည်။

၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည်ကို တည်ဆောက်ခဲ့ပြီး ဆည်တည်ဆောက်ရန် ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာ ၆၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။

 “ နှစ်ပေါင်းများစွာနေထိုင်လာခဲ့တော့ နည်းနည်းတော့ ဝမ်းနည်းမှု ရှိတာပေါ့ဗျာ။ တစ်နည်းအားဖြင့် ကိုယ့်နေရာဒေသဟောင်းလေးကို ပြန်ရောက်တော့ ဝမ်းသာမိပါတယ်။ ဘာကြောင့် ဝမ်းသာမိလဲဆိုတော့ ကျွန်တော်တို့နှစ်ပေါင်းများစွာက ဘိုးဘွားတွေ နေထိုင်လာလို့ အင်မတန်မှ နှစ်သက်ရတယ်” ဟု လာရောက် ကြည့်ရှုနေသည့် ဦးအောင်ဝင်း(လက်ရှိ အင်ဒိုင်းကျေးရွာမှာ နေထိုင်သူ)က ပြောသည်။

သဖန်းဆိပ်ဆည်သည် အရှေ့တောင်အာရှ၏ အကြီးဆုံးဆည် ဖြစ်ပြီး အမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့်သိုလှောင်နိုင်သည့်ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏ ၃၀ မဂ္ဂါဝပ် ဖြစ်သည်။

မိုးရွာသွန်းမှုနည်းသောကြောင့် ဆည်ရေနည်းနေချိန်တွင် ကျွန်းလှမြို့ဟောင်း၊ ရွာဟောင်းများ၊ ဘုရားများ၊ ရေတွင်းနှင့် အဆောက်အဥအချို့၊ သချုႋင်းများ ပြန်ပေါ်လာခဲ့သည်ကို တွေ့မြင်နေရသည်။

ရေအောက်နစ်မြှုပ်နေခဲ့သည့် တင်းတိန်ရံ၊ ရွာသီရွာ၊ ရွှေတောင်၊ ပိတောက်ကုန်း၊လက်ပံကြီးတော၊ ပေါက်ကုန်း၊ ကျွဲတဲ၊ ကျီကုန်း၊အင်တိုင်းရွာ နှင့် ကျွန်းလှမြို့ဟောင်းတို့ ရေပေါ် ပေါ်ခဲ့ပြီး အင်တိုင်းရွာသည် တစ်ရွာလုံးနီးပါး ပေါ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သဖန်းဆိပ်ဆည်မှ ရေးပေးဝေ ဧကပေါင်း ရှစ်သိန်းရှိနေပြီး ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ ဝက်လက်၊ တန့်ဆည်၊ ၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်၊ စစ်ကိုင်း အပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို ရေးပေးဝေနေသည်။

“ သဖန်းဆိပ်ဆည်ကြီးကနေ နွေစပါး၊ မိုးစပါးအတွက် ရေပေးတဲ့ဧကပေါင်း ၈ သိန်း ရှိပါတယ်။ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ဝက်လက်၊ တန့်ဆည်၊ ရွှေဘို၊ ဒီပဲယင်း၊ စိုင်ပြင်၊စတဲ့ ဆယ်မြို့နယ်ကို ရေပေးဝေပါတယ်။ ဆည်ကြီး တည်ဆောက်ဖို့ ရွှေ့ပြောင်းပေးခဲ့ရတဲ့ ကျွန်းလှမြို့နယ်ကတော့ မပါဝင်ပါဘူး(ရေပေးဝေမှု)” ဟု ဦးစီးမှူး ဦးတင်မိုးဝင်း (ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန)က ပြောသည်။

အဆိုပါ ဆည်အောက်ရှိ ကျေးရွာဟောင်းများ ပြန်ပေါ်လာသည်မှာ ရက်သတ္တပတ် တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး ၂၀၀၄ ခုနှစ်က တစ်ကြိမ် ပြန်ပေါ်လာခဲ့ကာ  နှစ်ပေါင်း ၂၀ ကျော်အတွင်း ယခု ဒုတိယအကြိမ် ဖြစ်သည်။

“ မပြောင်းရွှေ့ခင်က ကိုယ့်အလှည့် ကျနိုး၊ ကျနိုးနဲ့ ၊ အိမ်ကိုဖျက်ပြီးတော့မှ ပုံထားရတယ်။ ယာယီတဲလေးတွေ ထိုးပြီး ကိုယ့်အလှည့်မကျခင် နေရတယ်” ဟု ဦးစိန်မောင်သင်း(ကျွန်းလှမြို့) က ဆည်ဆောက်ရန် ရွှေ့ပြောင်းခဲ့စဉ်က သူ့အတွေ့အကြုံကို ပြောသည်။

သဖန်းဆိပ်ဆည် ရေလှောင်တမံကို ၁၉၉၆ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

ထိုသို့ မြို့လုံးကျွတ်ရွှေ့ပြောင်းခဲ့ရမှုကြောင့် ကျွန်းလှမြို့သစ်တွင် လမ်း၊ တံတား၊ လျှပ်စစ်၊ ပညာရေးဆိုင်ရာ အခက်အခဲများ ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ အခက်အခဲများ ရင်ဆိုင်နေရကြောင်း ကျွန်းလှမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်က ပြောဆိုထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly