ခြေစွမ်းပိုင်းနိမ့်ဆင်းသွားတာမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွာနေတာဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှား ပြော

ခြေစွမ်းပိုင်းနိမ့်ဆင်းသွားတာမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွာနေတာဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှား ပြော
Photos: EPA & AFP

မန်ချက်စတာယူနိုက်တက်အသင်းဟာ စိန့်မေရီကွင်းမှာ ဆောက်သမ်တန်ကို (၁-၁)ဂိုးနဲ့ သရေကျပြီးနောက် နည်းပြဆိုးလ်ရှားက ခြေစွမ်းပိုင်းနိမ့်ဆင်းသွားတာမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွားနေတာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ညာနောက်ခံလူ ဝမ်ဘစ်ဆာကာ၊ နောက်ခံလူ မက်ဂွိုင်းယားနဲ့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ရလဒ်ဆိုးတွေထဲက ရုန်းမထွက်နိုင်သေးတာပဲဖြစ်နေပါတယ်။

ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးကို (၄-၀)ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် ပွဲစဉ် (၄)ပွဲမှာ (၃)ပွဲအထိ ရမှတ် ရှုံးဆုံးခဲ့ရပြီး နိုင်ပွဲဆက်တိုက်ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

"နောက်ဆုံး (၃)ပွဲမှာ ကျနော်တို့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး အသင်းရဲ့ ကစားပုံက ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲထက် ခြေစွမ်း ပိုကောင်းတယ်ဆိုတဲ့အချက်ပါပဲ။ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ရှိနေတယ်ဆိုတာ သိထားပါတယ်။ အဲဒီ (၃)ပွဲမှာ အမှတ်ပြည့်ရဖို့ လုံလောက်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာလို့ အမှတ်တွေလျော့ကျခဲ့ရတာပါ။ ပင်နယ်တီတွေ လွဲတယ်။ ပြီးတော့ အပိုင်းအခွင့်အရေးတွေလည်း လွဲချော်ခဲ့ပါတယ်။"လို့ ဆိုးလ်ရှားက ပြောပါတယ်။

"အခုလိုမျိုး ပုံစံကောင်းနဲ့ ကစားနေတာကြောင့် ကျနော်တို့ ပိုကောင်းပြီး ပိုကောင်းလာနေပါတယ်။ ဒါကိုဆက်ပြီး ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ ဆောက်သမ်တန်နဲ့ ပွဲမှာလည်း ကျနော်တို့အသင်း အနိုင်ရခဲ့သင့်ပါတယ်။ ခြေစွမ်းကျဆင်းသွားတာမဟုတ်ဘဲ ရလဒ်ပိုင်းသာ ဆိုးရွားနေတာပါ။"လို့ သူက ရှင်းပြပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly