ဆီးရီးယားစစ်မြေပြင်တွင် အိုင်အက်စ်တို့ကို တိုက်ခိုက်ရင်း အီရန်ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်တို့သေဆုံး

ဆီးရီးယားစစ်မြေပြင်တွင် အိုင်အက်စ်တို့ကို တိုက်ခိုက်ရင်း အီရန်ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်တို့သေဆုံး

ဒူဘိုင်း၊ အောက်တိုဘာ ၁၄ ။            ။ အီရန်တော်လှန်ရေးအစောင့်တပ်မှ အကြီးတန်းအရာရှိနှစ်ဦးသည် ဆီးရီးယားတွင် အိုင်အက်စ်များနှင့် တိုက်ခိုက်ရင်း သေဆုံးခဲ့သည်ဟု အီရန်၏တပ်စ်နင်မ် သတင်းအေဂျင်စီက အစီရင်ခံခဲ့သည်။ ယင်းဖြစ်ရပ်မှာ တီဟီရန်၏ ထောက်ကူမှုဖြင့် ဆီးရီးယားစစ်တပ်က စီစဉ်ထားသည့် ထိုးစစ်မတိုင်မီဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မှ တပ်မှူးများဖြစ်သော ဗိုလ်ချုပ် ဖာရှက်ဟာဆူနီဇာဒက်နှင့် ဗိုလ်မှူးချုပ် ဟာမစ်မော့ခ်တာဘန်တို့သည် အောက်တိုဘာ ၁၂က တိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု တပ်စ်နင်မ်က အောက်တိုဘာ ၁၃ရက်နောက်ပိုင်းတွင် ဖော်ပြခဲ့သည်။

၎င်းတို့မည်သည့်နေရာတွင် တိုက်ခိုက်နေသည်ကိုမူ မဖော်ပြခဲ့ပေ။ အလက်ပိုရှိ သောင်းကျန်းသူများအပေါ် ဆင်နွှဲမည့် ဆီးရီးယားစစ်တပ်၏ မြေပြင်ထိုးစစ်ကို ထောက်ကူရန် အီရန်က မကြာသေးမီရက် များအတွင်းက တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ဆီရီးယားသို့ပို့ခဲ့သည်။ ယင်းထိုးစစ်ကို ရုရှား၏လေကြောင်းတိုက်ခိုက်မှုကလည်း ပံ့ပိုးမည်ဟု ဒေသတွင်းအကြီးတန်းအရာရှိနှစ်ဦးက ရိုက်တာသို့ပြော သည်။

ဆီးရီးယားသမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရကို ရုရှားလေကြောင်းတိုက်ခိုက်မှုနှစ်ပတ်ကြာပြုလုပ်ပေးနေမှုက ခိုင်မာအားကောင်းစေခဲ့သည်။ ကရင်မလင်က ၎င်းတို့က အိုင်အက်စ်တို့ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု ပြောကြားသော်လည်း အခြားသူပုန်အုပ်စုများကိုလည်း ရုရှကတိုက်နေသည်ဟု အမေရိကန်က ပြောကြားသည်။

တော်လှန်ရေးအစောင့်တပ်မှ အခြားအကြီးတန်းတပ်မှူးတစ်ဦးဖြစ်သူ ဟော့ဆိန်းဟာမေဒါနီလည်း အလက်ပိုအနီး ဆီးရီးယားစစ်တပ်ကို အကြံပေးနေစဉ် လွန်ခဲ့သည့် သီတင်းပတ်က သေဆုံးခဲ့သည်။

တီဟီရန်သည် အာဆတ်၏ အဓိက ဒေသတွင်းမဟာမိတ်ဖြစ်ပြီး ငါးနှစ်ထဲသို့ရောက်ရှိနေပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ်တွင် စစ်ရေးနှင့် စီးပွားရေးအကူအညီများပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly