အရပ်သားထိခိုက်သေဆုံးမှုတွင် မည်သူ့လက်နက်ဆိုသည်ကို ကြည့်ရုံဖြင့် သိနိုင်ဟု ဦးဇော်ဌေးပြော

အရပ်သားထိခိုက်သေဆုံးမှုတွင် မည်သူ့လက်နက်ဆိုသည်ကို ကြည့်ရုံဖြင့် သိနိုင်ဟု ဦးဇော်ဌေးပြော
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်လာသူ မိသားစုများအား သြဂုတ် ၂၄ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- YE AUNG THU / AFP

ရန်ကုန်၊ သြဂုတ် ၃၁ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတစ်လျှောက် တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်၊ သေဆုံးမှုများနှင့် ပတ်သက်၍ မည်သည့်ဘက်မှ လက်နက်ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ (KIA၊ TNLA၊ MNDAA၊ AA) တို့နှင့် သြဂုတ် ၃၁ ရက်နေ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ဘယ်သူက တာဝန်ယူ၊ တာဝန်ခံမှာလဲ ဆိုတာက အောက်ခြေမှာ ကြည့်လိုက်ပါ။ လက်နက်တွေ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ အဲဒါ ဘယ်ဟာက တိုက်တဲ့ဟာလဲဆိုတာ ကြည့်လိုက်ပါ။ သတင်းထောက်တွေ တွေ့ပါလိမ့်မယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရှိတယ်။ ကြည့်လိုက်ရင် ဘယ်သူ့လက်ချက်ဆိုတာ သိလိမ့်မယ်။ အဲဒီလူ တာဝန်ယူပါ။ အဲဒီလို ပြန်မေးခွန်းထုတ်ဖို့လိုတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

သို့သော် မည်သည့်ဘက်မှပစ်ခတ်မှုများကြောင့် သေဆုံးသည်ကိုမူ တိုက်ရိုက်မပြောဆိုခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များဘက်သို့ တိုက်ပွဲလျှော့ချရန် အကြာင်းအရာများကို ဆက်စပ်ပြောဆိုခဲ့သည်ကို တွေ့ရသည်။

အရပ်သားသေဆုံးမှုများကို အစိုးရအနေဖြင့်လည်း မလိုလားသောကြောင့် ပြည်ထောင်စုလမ်းမတစ်လျောက် တိုက်ပွဲများကို တိုင်းရင်းသားလက်နက်ကိုင် (EAO’s) များဘက်မှ လျော့ချပေးရန်လည်း အစိုးရဘက်မှ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

 “နောက် ချက်ချင်း ဘာလို့မရပ်နိုင်လဲ။ ချက်ချင်း ရပ်နိုင်ဖို့ကျွန်တော်တို့ ပြောတယ်။ အစိုးရဘက်ကပြောတာက ဒီလိုမျိုး သေဆုံးမှုတွေ၊ အပြစ်မဲ့ပြည်သူတွေရှိနေတဲ့အတွက် အထူးသဖြင့် ကျွန်တော်တို့ပြောတာက ပြည်ထောင်စုလမ်းမကြီး ဒါမျိုးတွေကို မလုပ်ဖို့ အစိုးရက ပြောတယ်။ ပြောတဲ့အခါမှာ EAO’s က ခေါင်းဆောင်တွေ၊ သူတို့ခေါင်းဆောင်တွေ ပြန်ဆွေးနွေးမယ်လို့ ပြောထားတယ်” ဟု ၎င်းက ပြောသည်။

ဆွေးနွေးပွဲပြုလုပ်နေသည့်အချိန်အတွင်း ကွတ်ခိုင်တရားရုံးအနီး ရွာတစ်ရွာအတွင်းသို့ လက်နက်ကြီး ကျသောကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့ရကြောင်း ဒေသခံပရဟိတအဖွဲ့များမှ အတည်ပြုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးစာရင်းတွင် အရပ်သားပြည်သူ ၁၀၀ ခန့်အထိ ရှိလာပြီ လည်းဖြစ်သည်။

ဆွေးနွေးမှုမှာ နောက်တစ်ကြိမ် ထပ်ဆွေးနွေးကြမည် ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆၊ ၁၇ ရက်တို့တွင် တွေ့ဆုံကြရန် နှစ်ဖက်သဘောတူညီခဲ့ကြကာ အပစ်ရပ် NCA ရေးထိုးရေး ဆက်လက် ညှိနှိုင်းသွားမည် ဟု EAO’s နှင့် အစိုးရဘက်တို့မှ ယနေ့ ဆွေးနွေးမှုကို ပူးပေါင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိုက်ပွဲများမဖြစ်ပွားရန်ဟူသော ကိစ္စရပ်များ၊ တပ်နေရာချထားရေးကိစ္စရပ်များတို့ကိုမူ တပ်မတော်ကိုယ်စားလှယ်များဖြင့် ဆက်လက်ဆွေးနွေးရန်လည်း သဘောတူခဲ့ကြသည်။

ဆွေးနွေးပွဲကျင်းပခဲ့သည့် သြဂုတ် ၃၁ ရက်နေ့သည် တပ်မတော်ဘက်မှ ကချင်နှင့် ရှမ်းပြည်နယ်ထဲမှ စစ်တိုင်းကြီး ငါးတိုင်းတွင် တစ်ဖက်သတ်အပစ်ရပ်စဲထားသည့် နောက်ဆုံးရက်လည်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIA၊ TNLA၊ MNDAA၊ AA တို့နှင့် အစိုးရကိုယ်စားလှယ်များသည် ဧပြီလ ၃၀ ရက်နေ့ ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်တွင် တွေ့ဆုံပြီး ၃ လကျော်အကြာမှ ထပ်မံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ NRPC ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ဦးဆောင် တက်ရောက်ခဲ့ပြီး KIO မှ အထွေထွေအတွင်းရေးမှူး ဆလန်ကဘာထိန်နန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ TNLA မှ ဒုဥက္ကဋ္ဌ(၂) တာလခန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ MNDAA မှ ဒုစစ်ဦးစီးချုပ်ဦးရန်ဝင်ကျုံးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ AA မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly