တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာမောင်းနှင်ခွင့်ရှိဟု အမေရိကန်နှင့် သြစတြေးလျက တရုတ်ကိုသတိပေး

တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာမောင်းနှင်ခွင့်ရှိဟု အမေရိကန်နှင့် သြစတြေးလျက တရုတ်ကိုသတိပေး

တောင်တရုတ်ပင်လယ်၏ ရေပြင်များတွင် လွတ်လပ်စွာမောင်းနှင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ထားကြောင်း အမေရိကန်နှင့် ၎င်း၏ပစိဖိတ်မဟာမိတ် သြစတြေးလျတို့က တရုတ်အား အောက်တိုဘာ ၁၃က သတိပေးခဲ့သည်။

တရုတ်သည် အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံအချို့နှင့် ပင်လယ်ပိုင်နက် အငြင်းပွားမှုဖြစ်ပေါ်နေပြီး လူလုပ်ကျွန်းများ တည်ဆောက်ခြင်းဖြင့် ၎င်း၏ပိုင်ဆိုင်ကြောင်းပြောကြားမှုကို မြင့်တင်ရန်ကြိုးပမ်းနေ သည်။

ဝါရှင်တန်သည် လာမည့်ရက်ပိုင်းသို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း တရုတ်၏လူလုပ်ကျွန်းများအနီးမှ သင်္ဘောများဖြတ်သန်းမည့် အစီအစဉ်တစ်ခုကို ရေးဆွဲနေသည်ဟု အမည်မဖော်သည့် အမေရိကန် အကြီးတန်းအရာရှိများက ပြောသည်။

အမေရိကန်တပ်မှူးများက အသိအမှတ်မပြုကြောင်းပြသသည့်အနေဖြင့် ပိုင်နက်ကန့်သတ်ထားသည့် တရုတ်၏ ပြောကြားချက်ဖြစ်သည့် ကျွန်းများ၏ ပတ်လည် ၁၉ကီလိုမီတာအတွင်းသို့ စစ်သင်္ဘောများ သို့မဟုတ် ရိုးရိုးသင်္ဘောများဖြတ်သန်းမည်ဟု ဆိုသည်။

အငြင်းမှုနှင့် ပတ်သက်သည့် တရားဝင်စောဒကတက်မှုများအပေါ် ၎င်းတို့အနေဖြင့် ပြောစရာမရှိသော်လည်း တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာမောင်းနှင်မှုကို ဆက်လက်ထောက်ခံ သွားမည်ဖြစ်ပြီး နိုင်ငံတကာရေပိုင်နက်ဟု မှတ်ယူသည့်လမ်းကြောင်းမှ သင်္ဘောနှင့် လေယာဉ်များစေလွှတ်မည်ဟု အမေရိကန်နှင့် သြစတြေးလျကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့၏နှစ်ပတ်လည် နှစ်ရက်ကြာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း နိုင်ငံတကာက ခွင့်ပြုထားသည့် မည်သည့်နေရာဖြစ်စေ ပျံသန်း၊ ရွက်လွှင့် မောင်းနှင်မှုများပြုလုပ်မည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်မှာ ချွင်းချက်မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာက ပြောသည်။

ယင်းသို့လွတ်လပ်စွာမောင်းနှင်ခွင့်ရှိကြောင်း ရပ်တည်မှုမှာ အမေရိကန်တစ်ဦးတည်း၏ ရပ်တည်ချက်မဟုတ်ဘဲ ယင်း၏ အဓိကဒေသတွင်းမဟာမိတ်များဖြစ်သည့် ဂျပန်၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ဗီယက်နမ် တို့၏ ရပ်တည်ချက်လည်းဖြစ်သည်ဟု ကာတာကဆိုသည်။

အငြင်းပွားကျောက်တန်းများပေါ် ဆောက်လုပ်ရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်သွားမည်ဟု တရုတ်က အောက်တိုဘာ ၁၀ ကပြောကြားခဲ့ပြီး အငြင်းပွားနိုင်ငံများက ပိုင်ဆိုင်သည်ဟုပြောကြားထားသည့် ဧရိယာများတွင် မီးပြတိုက်နှစ်လုံး တည်ဆောက်ပြီး သွားပြီဖြစ်သည်။

အသစ်တည်ဆောက်မှုများကို စစ်ရေးအတွက်အသုံးမချဟု တရုတ်သမ္မတရှီကျင်ပင်းက ပြောကြားခဲ့သော်လည်း ဂြိုလ်တုဓါတ်ပုံများအရ ဂျက်လေယာဉ်များ အသုံးပြုနိုင်သည့် လေယာဉ်ပြေး လမ်းများကို တွေ့မြင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly