ဇီးရိုးဘတ်ဂျက် ခရီးသွားပြဿနာကိုဖြေရှင်းရန် ရန်ကုန်တိုင်းအစိုးရက ပေါ်လစီချမှတ်သွားမည်

ဇီးရိုးဘတ်ဂျက် ခရီးသွားပြဿနာကိုဖြေရှင်းရန် ရန်ကုန်တိုင်းအစိုးရက ပေါ်လစီချမှတ်သွားမည်

ရန်ကုန်၊ သြဂုတ် ၃၁ ။         ။ ဇီးရိုးဒေါ်လာဘတ်ဂျက်ခရီးသွားပြဿနာကို ဖြေရှင်းရန် ရန်ကုန်တိုင်းအစိုးရအနေဖြင့် ပေါ်လစီချမှတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥၨာမျိုးက ပြောသည်။

“ကျွန်မတို့ရဲ့ ဒီလုပ်ပိုင်ခွင့်အာဏာရော၊ နောက်ဒါက ရန်ကုန်တစ်တိုင်းတည်းလုပ်လို့မရဘူး။ လာတဲ့ ဧည့်သည် က ရန်ကုန်အပြင် တစ်ခြားတိုင်းနဲ့ ပြည်နယ်ကိုလည်း လည်တာဖြစ်တဲ့အတွက် ကျွန်မတို့ ချမှတ်လိုက်တဲ့ ပေါ်လစီသည် တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေလည်း အံကိုက်ဖြစ်ရမယ်။ ပြည်ထောင်စုကလည်း သဘောတူ ရမယ်။ အဲ့တော့ ရန်ကုန်တိုင်းအနေနဲ့ကတော့ ဒီ Tourism Master Plan မှာ ဇီးရိုးဒေါ်လာဘတ်ဂျက်တင်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ White Paper တစ်စောင်လောက်တော့ ထုတ်နိုင်အောင် ပြင်ဆင် နေပြီ။ ပြည်ထောင်စုကိုလည်းတင်ပြမယ်။ တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း ညှိနှိုင်းမယ်။ အားလုံး အဆင်ပြေပြီဆိုရင် ပြည်ထောင်စုက အမိန့်ကြေညာစာတစ်ခုနဲ့ ဂိုက်လိုင်းပေးလိုက်မှာပေါ့” ဟု ၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၄/ ၂ဝ၁၉ အစည်းအဝေးကို သြဂုတ်လ ၃ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ဇီးရိုးဘတ်ဂျက်ခရီးသွားများကို စည်းကမ်းတကျလည်ပတ်ရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်း၊ တစ်ခြား နိုင်ငံများတွင် လုပ်ဆောင်နေသည့်အတိုင်း ၄င်းတို့ ကုန်ကျခံသော ငွေကြေးနှင့် ထိုက်တန်သော ဝန်ဆောင်မှုကို ပေးခြင်း၊ နည်းပညာအရ နိုင်ငံအတွင်းဝင်ရောက်လည်ပတ်သည့် အခကြေးငွေများ၊ အခွန်အခများကို ခရီးသွား လုပ်ငန်းအတွက် ရရှိအောင် ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုဇီးရိုးဒေါ်လာဘတ်ဂျက်နဲ့ သွားနေတဲ့ နိုင်ငံက ၁၇ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်မတို့က ဇီးရိုးဒေါ်လာ ဘတ်ဂျက်ကို ပိုပြီးတော့ ဂိုက်လိုင်းအနေနဲ့ သူသုံးစွဲတဲ့ ငွေပေါ်မှာမူတည်တဲ့ ဝန်ဆောင်မှုမျိုးရမယ်။ Pay For Money ပေါ့။ ကောင်းကောင်းပေးထားတဲ့သူတွေကိုလည်း မထိခိုက်စေချင်ဘူး။ ဒီဘက်က မထိန်းချုပ်ဘဲနဲ့ ခွဲခြားတာမဟုတ်ပါဘူး။ China မှာ ငွေသုံးနိုင်တဲ့ China အများကြီး ရှိတယ်။ ပညာတတ်တွေလည်း အများကြီး ရှိတယ်။ ကွဲတဲ့ Class တွေအလိုက် ကျွန်မတို့က ထိထိမိမိ Target ထားနိုင်ဖို့ပဲ လိုတယ်” ဟု ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပန်းသဥၨာမျိုးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများ၏ ၄၆ ရာခိုင်နှုန်းသည် အာဆီယံနိုင်ငံများမှ လာရောက်ကြခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ၁ရရာခိုင်နှုန်းဖြင့် ခရီးသွားလာရောက်မှုအများဆုံးဖြစ်ကြောင်း သိရသည်။
ဇီးရိုးဘတ်ဂျက်ခရီးသွားပြဿနာအတွက် ယခုအစည်းအဝေးမှ ဆွေးနွေးတိုင်ပင်ထားသည့် အချက်များကို အဆင့်ဆင့်တင်ပြကာ တိုင်းဒေသအသီးသီး၏ သဘောထားမှတ်ချက်များယူရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ် အတွက် အချိန်သုံးလနီးပါးကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required