အကြိမ် ၃၀ မြောက် ဖိလစ်ပိုင် SEA Game သွားရောက်ယှဉ်ပြိုင်ရန် ကျပ် လေးဘီလီယံခန့် ကုန်ကျမည်

အကြိမ် ၃၀ မြောက် ဖိလစ်ပိုင် SEA Game သွားရောက်ယှဉ်ပြိုင်ရန် ကျပ် လေးဘီလီယံခန့် ကုန်ကျမည်

ရန်ကုန်၊ သြဂုတ် ၃၁ ။           ။ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင် ရန် ကျပ် လေးဘီလီယံခန့် ကုန်ကျမည်ဟု အားကစားနှင့် ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောသည်။

" ပြီးခဲ့တဲ့ ၂၉ ကြိမ်မြောက်ဆီးဂိမ်းမှာကတော့ နှစ်ဒသမ ငါးဘီလီယံလောက်ကုန်တာပေါ့။ ဒါပေမယ့် ဒီ ဆီးဂိမ်း မှာ ပိုကုန်မှာကတော့ လေးဘီလီယံလောက် ကုန်ပါမယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်စရိတ် ကွာခြားချက် ဖြစ်ပါတယ်။ မလေးရှားကတော့ ကျွန်တော်တို့က ဒေါ်လာ ၂၅၇ ဒေါ်လာလောက်ကျပြီးတော့ အခုဒီ ဖိလစ်ပိုင် ကတော့ တိုက်ရိုက်လေယာဉ်မရှိတဲ့အတွက်ကြောင့် တဆင့်သွားရမှာဖြစ်တဲ့အတွက် တစ်ဦးကို ဒေါ်လာ ၇၅ဝ လောက်ကျမယ်။ ဒါကြောင့် အဲ့ဒီပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့က နှစ်ဆ၊ သုံးဆလောက် ကွာခြားသွားမှာ ဖြစ်ပါတယ်"ဟု ဦးမျိုးလှိုင်က ပြောသည်။

အကြိမ် (၃ဝ)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများကို အောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့မှုများကို ယခင်ကထက် ပိုမို လုပ်ဆောင် နေကြောင်းသိရသည်။

"လက်ရှိမပြိုင်ခင်ကာလအတွင်း လေ့ကျင့်ရေးရုံတွေအသုံးပြုတာတွေ၊ လေ့ကျင့်ရုံမှာ လျှပ်စစ်မီးသုံးစွဲတာတွေ၊ နောက် နေထိုင်စားသောက်စရိတ်အားလုံးတွေ၊ အားကစားသမားတွေရဲ့ ဝတ်စုံတွေအားလုံးက နိုင်ငံတော် ကနေ အကုန်အကျခံပေးတာဖြစ်ပါတယ်။ ပြီးရင် အလားတူပဲ နိုင်ငံခြားနည်းပြတွေငှားတယ်။ ငှားတဲ့ အခါ မှာလည်း နိုင်ငံခြားနည်းပြများကို နိုင်ငံတော်က သတ်မှတ်တဲ့ တစ်လကို ဒေါ်လာ နှစ်ထောင်နဲ့ ပြီးရင် နေထိုင် စားသောက်စရိတ် နှစ်သိန်းကိုလည်း နိုင်ငံတော်ကနေ ကျခံပေးတယ်။ ဒါပေမယ့် ဒီခေတ်ကာလ အခြေအနေ အရ နိုင်ငံတကာ နည်းပြတွေကနေပြီးတော့ တန်ဖိုးမြင့်လာတာတွေရှိတယ်။ ဥပမာ ဂေါက်၊ ရွက်လှေ၊ မြှားပစ် တို့ဆိုရင် ဒေါ်လာ လေးထောင်၊ ငါးထောင် လောက်ရှိတယ်။ ဒီဟာတွေရှိတဲ့အခါကျတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌက ကျန်တဲ့ ကုန်ကျစရိတ်ကို သူတို့ဘာသာသူတို့ ကျခံပေးတာရှိပါတယ်" ဟု ဦးမျိုးလှိုင်က ဆက်ပြောသည်။  

ယခုနှစ် နိုဝင်ဘာလ ၃ဝ ရက်မှ စတင်ကာ ဒီဇင်ဘာလ ၁၁ ရက်အထိ ကျင်းပမည့် ဆီးဂိမ်းသို့ ဝင်ရောက်ယှဉ် ပြိုင်မည့် အားကစားသမားများအတွက် ဆုကြေးများကိုလည်း တိုးမြှင့်ပေးသွားရန်စီစဉ်နေပြီး တစ်ဦးချင်းဆု အတွက် ရွှေတံဆိပ်ဆု ကျပ်သိန်း ၃ဝဝ၊ ငွေတံဆိပ်ဆုကို ကျပ်သိန်း ၂ဝဝ၊ ကြေး တံဆိပ်ဆုကို ကျပ်သိန်း ၁ဝဝ ပေးသွားမည်ဟု သိရသည်။

ထို့အပြင် အသင်းလိုက်ဆုများအတွက် ရွှေတံဆိပ်ရရှိပါက တစ်ဦးလျှင် ကျပ်သိန်း ၁ဝဝ၊ ငွေတံဆိပ်အတွက် ကျပ်သိန်း ရဝ၊ ကြေးတံဆိပ် ကျပ်သိန်း ၃ဝ ချီးမြှင့်မည်ဟု သိရသည်။
မြန်မာနိုင်ငံအနေဖြင့်  ဆီးဂိမ်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအမျိုးအစားနှင့် အရေအတွက် ကို စက်တင်ဘာလအတွင်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required