တွစ်တာ စီအီးအိုရဲ့ အကောင့် အဟက်ခံရ

တွစ်တာ စီအီးအိုရဲ့ အကောင့် အဟက်ခံရ

နယူးယောက်၊ သြဂုတ် ၃၁ ။       ။ လူမှုမီဒီယာ တွစ်တာကို ပူးတွဲတည်ထောင်သူနဲ့ စီအီးအိုဖြစ်သူရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်ကို ဟက်ကာတွေက ဟက်၍ ထွင်းဖောက်ပြီး ရယူခဲ့ပါတယ်။

ဂျက်ဒေါ်စေးရဲ့ အကောင့်ကို ဟက်ခဲ့ကြောင်း Chuckling Squad ဆိုပြီး ကိုယ့်ကိုကို သတ်မှတ်ခေါ်ဝေါ်တဲ့ အဖွဲ့က ကြေညာပါတယ်။

ဖောလို၀ါပေါင်း လေးသန်းကျော်ရှိတဲ့ တွစ်တာစီအီးအို ဂျက်ဒေါ်စေးရဲ့ အကောင့်ကို ဟက်ယူပြီး အမုန်းတရားစကားတွေနဲ့ လူမျိုးရေးခွဲခြားတဲ့ စကားတွေကို ၁၅ မိနစ်ကြာ ပို့စ်တွေ တင်ကာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တွစ်တာကတော့ ခုလို စီအီးအိုဖြစ်သူရဲ့ အကောင့် ဟက်ခံရတာနဲ့ ပတ်သက်ပြီး တွစ်တာရဲ့ကိုယ်ပိုင်စနစ်က လုံခြုံမှု အာမခံနိုင်ကြောင်း ပြောပြီး အမည်မဖော်ပြဘဲ မိုဘိုင်းအော်ပရေတာကြောင့် ခုလို ဟက်ခံရတာလို့ အပြစ်ဆိုပါတယ်။

“မိုဘိုင်းအော်ပရေတာရဲ့ လုံခြုံရေးလစ်ဟင်းမှုကြောင့် အကောင့်ကို ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကနေ အဟက်ခံရတာဖြစ်တယ်။”လို့ တွစ်တာက ထုတ်ပြန်ပါတယ်။

“အဲဒီလို ဖုန်းအော်ပရေတာဖက်က အားနည်းချက်ကြောင့် ဖုန်းမက်ဆေ့ချ်တွေကနေတစ်ဆင့် ဟက်ကာ ထွင်းဖောက်ပြီး စီအီးအိုရဲ့ အကောင့်မှာ စာသားတွေ ရေးသားခဲ့နိုင်တာဖြစ်တယ်။ ခုတော့ ဒီပြဿနာကို ဖြေရှင်းပြီးပါပြီ”လို့ တွစ်တာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly