ကြုံတွေ့ရသော အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် သကြားဖိုရမ် ပြုလုပ်မည်

ကြုံတွေ့ရသော အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် သကြားဖိုရမ် ပြုလုပ်မည်
 ရန်ကုန်မြစ်ကမ်းဘေးတွေ ကြံများသယ်ယူနေသော လုပ်သားတစ်ဦးကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-EPA/LYNN BO BO

မန္တလေး၊သြဂုတ် ၃၀ ။          ။ မြန်မာနိုင်ငံအတွင်းရှိ ကြံစိုက်တောင်သူများနှင့်သကြားစက်ရုံများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး သကြားဖိုရမ်တစ်ခုကို လာမည့် စက်တင်ဘာ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်သည်။

"အရင်တုန်းက Re-export လို့ခေါ်တဲ့ ပြည်ပကနေဝင်တဲ့ သကြားတွေကလည်း တရုတ်က မဝယ်တော့ တန်ချိန် တစ်သိန်းခြောက်သောင်းလောက် ပိုနေတာတွေ ရှိတယ်။ နောက်တစ်ခုက တရားမဝင် နယ်စပ်ကနေ ဝင်နေတာတွေ ရှိတယ်။ ဒါတွေကိုတော့ အကောက်အခွန်က တတ်နိုင်သလောက် လုပ်နေတယ်။ နောက်တစ်ချက်က ပြည်တွင်းသကြားသုံးတဲ့လုပ်ငန်းရှင်တွေပေါ့ ။ တချို့လုပ်ငန်းရှင်တွေက သူတို့ သုံးသလောက်ပဲ ဝယ်တယ်။ တချို့ကကြတော့ ပိုပိုလေးသွင်းပြီး ပြန်ရောင်းတယ်။ အဲ့ဒီလိုသကြားတွေ ပုံနေတော့ ရောင်းမရတဲ့အခက်အခဲတွေ ရှိတယ်"ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုးလင်း က ပြောသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ထိုင်း၊ တရုတ် စသည့်နိုင်ငံများသည် ယခုနှစ်အတွင်း သကြားစံချိန်တင် ထွက်ရှိမှုများရှိနေ၍ မြန်မာနိုင်ငံ၏ သကြားတင်ပို့မှုများမှာ ဈေးကွက်မရှိခြင်းနှင့် တင်ပို့ရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းကို အဖြေရှာဖြေရှင်းနိုင်ရန်အတွက် သကြားဖိုရမ် ပြုလုပ်ရခြင်းဖြစ်သည်။

လက်ရှိတွင် သကြားစက်ရုံများ၌ သကြားများရောင်းမထွက်ခြင်းကြောင့် ငွေကြေးခက်ခဲမှုများ ဖြစ်ပေါ်နေခြင်း ကြောင့် ကြံစိုက်တောင်သူများအား ငွေပေးချေရန်အတွက် အခက်အခဲများ ကြုံတွေ့နေရသလို ကြံဖိုးများ ပေးချေပြီးသည့် သကြားစက်ရုံများအနေဖြင့်လည်း လာမည့် ကြံစိုက်ရာသီအတွက် စိုက်ပျိုးစရိတ် ငွေကြို ထုတ်ပေးရန် အခက်အခဲများ ဖြစ်ပေါ်နေကြကြောင်း ၎င်းက ပြောသည်။

အဆိုပါ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းရှာရန်အတွက် သကြားဖိုရမ် မကျင်းပမီအချိန်တွင် ကြံစိုက်တောင်သူများ ၊ သကြားစက်ရုံ လုပ်ငန်းရှင်များနှင့် အကြိုတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တကောင်း၊ ကသာ၊ ထီးချိုင့်၊ ရှမ်းမြောက်ဒေသတွင် ကြံတောင်သူများကို သကြားစက်ရုံမှ ကြိုတင်ငွေ ပေးချေခြင်းအား နှစ်စဉ် ဇွန်လတွင် ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် သကြားများ ရောင်းချနိုင်ခြင်းမရှိသည့် အတွက် ကြိုတင်ငွေပေးမှုမှာ နှစ်လကျော် နောက်ကျခဲ့ကြောင်း ကြံစိုက်တာင်သူအချို့ထံမှ သိရသည်။

"ကျွန်တော်တို့ကလည်း ကြိုငွေလေးရမှအဆင်ပြေမှာ အခုက အကုန်နောက်ကျကြတယ်။ တရုတ်ဘက်က သကြား အဝယ်ရပ်သွားတာကြောင့် အခုလိုဖြစ်သွားတယ်။ကျွန်တော်တို့က ကြိုငွေ မရလို့ ကိုယ့်ရှိတဲ့ငွေလေးနဲ့ စိုက်လည်း စက်ရုံတွေက ဝယ်နိုင်ဦးမှလေ။ စက်ရုံတွေ အဆင်ပြေမှ ကျွန်တော်တို့ အဆင်ပြေမှာလေ။"ဟု ထီးချိုင့်မြို့နယ်မှ ကြံစိုက်တောင်သူ ဦးမြင့်ဦးက ပြောသည်။

ကြံတောင်သူများကို ကြံစျေးနှုန်းသတ်မှတ်၍ တစ်ဧကလျှင် တန်၂၀ ထွက်နှုန်းဖြင့် တစ်တန်လျှင် တစ်သောင်း ကျပ် ကြိုတင်ငွေပေးလေ့ရှိသော်လည်း ယခုနှစ်တွင် တစ်တန်လျှင် ရှစ်ထောင်ကျပ်ဖြင့်သာ ကြိုတင်ငွေပေးချေထားမှုများလည်း ရှိကြောင်းသိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကြံစိုက်တောင်သူဦးရေ ငါးသိန်းကျော် ရှိပြီး လည်ပတ်နေသော သကြားစက်ရုံ ၂၂ ရုံ ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required