ရခိုင်စစ်ဘေးရှောင် ခုနှစ်သောင်းခန့် ရှိလာ၍ လူထုအတွက် ထည့်စဉ်းစားရန် မေတ္တာရပ်ခံ

ရခိုင်စစ်ဘေးရှောင် ခုနှစ်သောင်းခန့် ရှိလာ၍ လူထုအတွက် ထည့်စဉ်းစားရန် မေတ္တာရပ်ခံ
လူ သုံးဦး သေဆုံးပြီး  လူအများအပြားထိခိုက်ဒဏ်ရာရစေသော  လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ၍ စစ်တွေဆေးရုံသို့ သြဂုတ် ၂၄ ရက်က ရောက်ရှိလာစဉ်။ ဓာတ်ပုံ- EPA-EFE/NYUNT WIN

ရန်ကုန်၊ သြဂုတ် ၃၀ ။          ။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေမှာ ခုနှစ်သောင်းခန့်အထိ ရှိလာသောကြောင့် လူထုအတွက် ထည့်သွင်း စဉ်းစားကာတိုက်ပွဲများ လျှော့ချပေးရန် အရပ်ဖက်အဖွဲ့အစည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး( REC) မှ အတွင်းရေးမှူးဦးဇော်ဇော်ထွန်းက မေတ္တာရပ်ခံပြောဆိုလိုက်သည်။

“မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးကြတော့မှာပေါ့။ ကျွန်တော်တို့ကတော့ နှစ်ဖက်လုံးကို ပြေလည်စေချင်တယ်။ တိုင်းရင်းသားပြည်သူတွေလည်း အသက်ဆုံးရှုံးမှုတွေ အရမ်းများလာပြီ။ ဒုက္ခတွေ တွေ့နေကြတယ်။ နောက်ပြီး သူတို့ရဲ့ အနာဂတ်ကလည်း လုံးဝကို မျှော်လင့်လို့မရတဲ့အခြေအနေကို ရောက်နေကြတယ်။ ဆိုတော့ ဒီဟာလေးတွေကို ထည့်သွင်းစဉ်းစားပေးပါပေါ့” ဟု ၎င်းက ဆိုသည်။

ရခိုင်စစ်ဘေးရှောင်ဦးရေမှာ သြဂုတ်လဆန်းပိုင်းတွင် လူဦးရေ ၆၀၀၀၀ ခန့် ရှိရာမှ ယနေ့ သြဂုတ် ၃၀ ရက်တွင် ၇၀၀၀၀ ခန့် ရှိလာခြင်း ဖြစ်သည်။

လက်ရှိတွင် ရခိုင်တွင် တိုက်ပွဲကြောင့် သေဆုံးရသူ ၈၀ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် အရပ်သားဦးရေမှာ ၂၀၀ ဦး ရှိနေပြီ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ယခု သြဂုတ်အထိ ရှစ်လခန့် ကြာမြင့်နေပြီ ဖြစ်သည်။
ချင်းပြည်နယ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြားမြို့နယ်များနှင့် မြောက်ဦးအထိပါ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ရှောင်စခန်းများမှာလည်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ မောင်တော၊ မြေပုံမြို့နယ်များတွင် ဖွင့်လှစ်ထားရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့(AA၊ TNAL၊ MNDAA) တို့မှ ပြင်ဦးလွင်၊ နောင်ချိုတို့ရှိ နေရာ ငါးနေရာတိုက်ခိုက်ခဲ့မှုအတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင် ၆၀၀၀ ခန့် ရှိလာသည်။

ထို့ကြောင့် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က တိုက်ပွဲများလျှော့ချရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့သို့ တရုတ်နိုင်ငံမှ တိုက်တွန်းခဲ့အပြီး လာမည့် သြဂုတ် ၃၁ ရက်တွင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့( KIA ၊ TNLA ၊ AA ၊ MNDAA ) နှင့် အစိုးရတို့ ကျိုင်းတုံ၌ တွေ့ဆုံဖြစ်ကြမည် ဖြစ်သည်။

ယင်းတွေ့ဆုံမည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ တအာင်း/ ပလောင် လွတ်မြောက်ရေးအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်(AA) တို့ ပါဝင်သည်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly