မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၂၀၁၈-၁၉ ရာသီ အကောင်းဆုံကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဗန်ဒိုက်

မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ၂၀၁၈-၁၉ ရာသီ အကောင်းဆုံကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဗန်ဒိုက်
Photos: EPA

လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်ဟာ ဘောလုံးလောကမှာ တစ်ဦးချင်းထူးချွန်ဆုတွေကို သိမ်းပိုက်ရယူနေကျဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒတ်ချ်ကစားသမား ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက မက်ဒရစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို အနိုင်ရယူခဲ့ပြီး လီဗာပူးလ်အသင်းနဲ့အတူ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တဲ့အပြင် အမြင့်ဆုံးစွမ်းဆောင်မှုတွေနဲ့ တောက်ပခဲ့သူလည်းဖြစ်ပါတယ်။

ဆန်ကာတင် (၃)ဦးစာရင်းမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့က တစ်နှစ်တာအကောင်းဆုံးဆုအတွက် ရေပန်းစားမှုအချို့ရှိခဲ့ပြီး အထူးသဖြင့် ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတို့ ရရှိခဲ့တဲ့ မက်ဆီက ဗန်ဒိုက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မဲရလဒ်မှာ ဗန်ဒိုက်က (၃၀၅)မဲရခဲ့ပြီး မက်ဆီက (၂၀၇)မဲသာ ရခဲ့လို့ မဲအရေအတွက်အရ အခုလို ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်နဲ့ ပေါ်တူဂီအသင်းတို့မှာ အောင်မြင်မှုရရှိခဲ့တဲ့ ရော်နယ်လ်ဒိုကတော့ (၇၄)မဲသာ ရရှိခဲ့ပါတယ်။

"ဦးဆုံးအနေနဲ့ ကျနော့်ရဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ဖို့ လိုအပ်ပါတယ်။ သူတို့မပါဘဲ အခုလို အောင်မြင်မှုမျိုး ရရှိလာမှာမဟုတ်ပါဘူး။"လို့ ဗန်ဒိုက်က BT Sport ကို ပြောဆိုခဲ့ပါတယ်။

"အကောင်းဆုံးဖြစ်ဖို့ ခက်ခက်ခဲခဲကြိုးစား လျှောက်ခဲ့ရတဲ့ လမ်းကြောင်းက ရှည်လျားခဲ့ပြီး ဒါဟာ ကျနော့်ခရီးလမ်းရဲ့ တစ်စိတ်တပိုင်းပါ။ ဒီလိုဆုရရှိလို့လည်း အရမ်းဂုဏ်ယူပါတယ်။ ကျနော့်ကို ကူညီခဲ့တဲ့ အယောက်တိုင်းကို ဒီဆုနဲ့ အသိအမှတ်ပြုပါတယ်။"

အသက် (၂၈)နှစ်အရွယ် ဗန်ဒိုက်အနေနဲ့ UEFA ရဲ့ တစ်နှစ်တာအကောင်းဆုကို ၂၀၁၀-၁၁ နောက်ပိုင်း နောက်တန်းကစားသမားတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သလို နယ်သာလန်ကစားသမားတွေထဲမှာလည်း ပထမဦးဆုံးရရှိသူဖြစ်လာခဲ့ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို နောက်ခံကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ချက်ချင်းဆိုသလို အသင်းနဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်အောင် ကူညီခဲ့ပါတယ်။

UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံအမျိုးသမီးဆုအတွက် ရွေးချယ်ခဲ့ရာမှာတော့ လိုင်ယွန်အမျိုးသမီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်တန်းကစားသမား လူဆီဘရွန်ဇီက ကလပ်အသင်းဖော်တွေဖြစ်တဲ့ အက်ဒါဟက်ဂျာဘတ်၊ အမန်ဒါဟင်နရီတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

တစ်ရာသီအတွင်း နေရာလိုက် အကောင်းဆုံးကစားသမားဆုများ

ဂိုးသမား - အယ်လစ်ဆန် (လီဗာပူးလ်)
နောက်တန်း - ဗန်ဒိုက် (လီဗာပူးလ်)
အလယ်တန်း - ဒီယွန်း (အေဂျက်/ဘာစီလိုနာ)
ရှေ့တန်း - မက်ဆီ

UEFA President's Award - ကန်တိုနာ

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly