ဒေါသထွက်နေသည့် မြို့ခံများက ဂွာတီမာလာမြို့တစ်မြို့မှ မြို့တော်ဝန်ကို အရှင်လတ်လတ် မီးရှို့သတ်

ဒေါသထွက်နေသည့် မြို့ခံများက ဂွာတီမာလာမြို့တစ်မြို့မှ မြို့တော်ဝန်ကို အရှင်လတ်လတ် မီးရှို့သတ်

ဂွာတီမာလာစီးတီး၊ အောက်တိုဘာ - ၁၃ ။          ။ နိုင်ငံရေးပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဂွာတီမာလာနိုင်ငံ အနောက်ပိုင်း ဆိုလိုလာပြည်နယ်၊ ကွန်စက်စီယွန်မြို့ကလေးမှ မြို့တော်ဝန်ကို လူတစ်စုက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားစီရင် သတ်ဖြတ်ပစ်လိုက်ကြသည်ဟု သိရှိရသည်။

မြို့တော် ဂွာတီမာလစီးတီးမှ ကီလိုမီတာ ၁၀၀ (၆၂မိုင်) အကွာတွင်ရှိသော မြို့ကလေးတွင် အောက်တိုဘာ ၁၂ရက်နေ့က ဒေါသထွက်နေသည့်လူအုပ်က မြို့တော်ဝန် ဘာစီလီယို ဂျူရာကန်ကို ရိုက်နှက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြသည်ဟု ဆိုသည်။

အမျိုးသမီး၂ဦး သေဆုံးခဲ့ရပြီး အခြား၅ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည့် အစောပိုင်းက လော်ရင်ဇို ဆီကွက်မိသားစုအား တိုက်ခိုက်မှုကို မြို့တော်ဝန် ဂျူရာဂန်က အမိန့်ပေး စေခိုင်းခဲ့သည်ဟု မြို့ခံများက ယုံကြည်နေကြသည်။  

စက်တင်ဘာလက ကွန်စက်စီယွန်မြို့တော်ဝန် ရွေးကောက်ပွဲတွင် လက်ရှိမြို့တော်ဝန် ဘာစီလီယို ဂျူရာကန်က လော်ရင်ဇို ဆီကွက်ကို အနိုင်ရသွားခဲ့ရာ ဆီကွက်က ဂျူရာကန်မှာ မြို့ရံပုံငွေများကို အလွဲသုံးစားလုပ်နေသည်ဟု စွပ်စွဲပြီး စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

တနင်္ဂနွေနေ့တွင် ဆီကွက်နှင့် သူ၏မိသားစုဝင်များ ဒေသတွင်းလမ်းမတစ်ခုပေါ်တွင် ခရီးသွားနေစဉ် မည်သူမည်ဝါ မသိရသည့် သေနတ်သမားများ အနီရောင်ထရပ်ကားတစ်စင်းဖြင့် ရောက်ရှိလာက ဆီကွက်၏ ကားကို တရစပ်ပစ်ခတ်ပြီး မောင်းပြေးသွားခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် ဆီကွက်၏ ဆယ်ကျော်သက်အရွယ် သမီးငယ်နှင့် တူဖြစ်သူတို့ အသတ်ခံခဲ့ရပြီး ဆီကွက်နှင့် အခြားမိသားစုဝင် ၄ယောက်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

မြို့ခံများက ထိုသတင်းကို ကြားသည့်အခါ မြို့တော်ဝန်၏ ဆွေမျိုးများပိုင်ဆိုင်သည့် အိမ်များကို တိုက်ခိုက်ကြပြီးနောက် မြို့တော်ဝန်၏အိမ်ကိုလည်း တိုက်ခိုက်ကာ နောက်ဆုံးတွင် မြို့တော်ဝန်ကို ဆွဲထုတ်ရိုက်နှက်ကာ မီးရှို့သတ်ဖြတ်လိုက်ကြသည်။

ရဲတပ်ဖွဲ့မှာ ထုံးစံအတိုင်း အလွန်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သောကြောင့် မြို့တော်ဝန်ကို မကယ်တင်နိုင်ခဲ့သော်လည်း လူအုပ်က မီးရှို့ရန် စိုင်းပြင်းနေသည့် မြို့တော်ခန်းမကိုမူ လက်မတင်ကလေးတွင် ကယ်တင်လိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly