တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် ထပ်မံမြင့်တက် ကယ်ဆယ်ရေး စခန်း ၅ ခု ဖွင့်လှစ်ထားရ

တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် ထပ်မံမြင့်တက် ကယ်ဆယ်ရေး စခန်း ၅ ခု ဖွင့်လှစ်ထားရ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)တနင်္သာရီမြို့၏ ပထမကြိမ် ရေကြီးနစ်မြုပ်စဉ်က မြင်ကွင်းများ

တနင်္သာရီ၊ သြဂုတ် (၂၉) ။         ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ်တွင် မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ဒုတိယအကြိမ် ထပ်မံရေကြီးနစ်မြှုပ်နေကာ ကယ်ဆယ်ရေး စခန်း ၅ ခုကို ပြန်လည် ဖွင့်လှစ်ထားရကြောင်း သိရသည်။

သြဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ မိုးဆက်မပြတ် ရွာသွန်းနေရာမှ မြစ်ရေမှာစိုးရိမ်ရေအမှတ်သို့ ကျော်လွန်ခဲ့ပြီး၊ အိမ်ထောင်စု တချို့မှာ ကယ်ဆယ်ရေး စခန်းများကို ပြန်လည်ပြောင်းရွှေ့ နေရသည်ဟု သိရသည်။

 “အခု ဒုတိယအကြိမ် မြစ်ရေ ပြန်တက်နေတာပါ။ လက်ရှိ ရေဘေးသင့် ပြည်သူ နှစ်ထောင်လောက်က ကယ်ဆယ်ရေးစခန်းတွေကို ပြန်လာနေပါတယ်၊ ရေဘေးအန္တရာယ်ယာယီကွပ်ကဲရေးရုံးကိုလည်း ယခင် အတိုင်းမပိတ်ဘဲ ဖွင့်လှစ်ပေးထားပါတယ်”ဟု တနင်္သာရီမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

တနင်္သာရီမြို့၏ စိုးရိမ်ရေ အမှတ်မှာ (၁၇) ပေရှိပြီး၊ လက်ရှိ သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းအထိ တိုင်းတာ ချက် အရ (၂၀) ပေနှင့် (၂) လက်မ အထိမြင့်တက် နေကြောင်း ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး ထံမှ သိရသည်။

အဆိုပါမြို့တွင် ဩဂုတ်လ (၇) ရက်မှ (၁၂) ရက်နေ့အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ် (၂၄)ပေ အထက် (၂ပေနှင့် ၆လက်မ) ကျော်လွန်၍ (၂၆ ပေ ၆ လက်မ) အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မြစ်ရေကြီးစဉ်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးအန္တရာယ် ယာယီ ကွပ်ကဲရေးရုံးကို ယခုဒုတိယအကြိမ် ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ ဆက်သွယ် လှူဒါန်းနိုင်ရန် ဆက်လက် ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီထံမှ သိရှိရသည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly