ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရ

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရ
ဓာတ်ပုံ - သူရ(မဇ္စျိမ)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် ။          ။ ဖေ့ဘွတ်ပေါ်တွင် ရေးသားမှုများကြောင့် တရားစွဲခံထားရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးကို  ယနေ့ သြဂုတ်၂၉ ရက်နေ့က အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သောကြောင့် ရှစ်လခန့် အပြစ်ဒဏ် ကျခံရဦးမည် ဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တပ်မတော်ဘက်မှ တရားစွဲဆိုထားခြင်း ဖြစ်ပြီး အင်းစိန်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅(က)အမှုကို အပြီးသတ်အမိန့် ချလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီကတည်းက ဖမ်းဆီးစစ်ဆေးခံနေရခြင်း ဖြစ်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုသည့်အတွက် ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် အချိန် ရှစ်လခန့် ထောင်ဒဏ်ကျခံရဦးမည် ဖြစ်သည်။

“ ဖေ့ဘွတ်မှာ ရေးလို့ ၅၀၅(က)နဲ့ စစ်တပ်ကနေ တရားစွဲတယ်။ ရန်ကုန်မှာ တစ်မှုဖြစ်တယ်။ မန္တလေးမှာ တစ်မှု ဖြစ်တယ်။ မန္တလေးက နှစ်မှုလုံးက တရားရုံးက ပလပ်လိုက်တဲ့အတွက် ပြစ်မှု မမြောက်ခဲ့ဘူး။ ဒါပေမယ့် ရန်ကုန်မှာတော့ တရားရုံးက ဒါကို လက်ခံတယ်။ ပြီးတော့ နောက်ဆုံး အခု တစ်နှစ်ချခံရတယ်။ အဲ့တော့ ရန်ကုန်နဲ့ မန္တလေးနဲ့ ပြိုင်ရင်တော့ ဒီ ၅၀၅(က)အပေါ်ကို မန္တလေးက နိုင်သွားပြီ” ဟု တရားရုံးမှအထွက်တွင် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

ယနေ့ ရုံးချိန်းတွင် လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံဝန်းရံသည့်အနေဖြင့် တက်ကြွလှုပ်ရှားသူများက “ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်သည့် စစ်တပ်၏ အမှုဖွင့်အရေးယူမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြ” ဆိုသည့် စာသားပါအကျႌများကို ဝတ်ဆင်ပြီး Blue Shirt Campaign အနေဖြင့် လာရောက်ဝန်းရံခဲ့သည်။

“ ၅၀၅(က)နဲ့ အမိန့်ချတာ ဒါပထမဆုံး အမိန့်ချတယ်လို့ ပြောလို့ရတယ်။ မန္တလေးက တရားရုံးတွေမှာဆို ၅၀၅(က) နဲ့ ပတ်သက်တဲ့ အမှုတွေကို ပလပ်ခဲ့တာ ရှိတယ်။ စွဲလို့မရဘူးပေ့ါ။ ဒါပေမယ့် သူတို့က စွဲခွင့် ပေးလိုက်တယ်။ ထောင်ပါ ချလိုက်တာ ဖြစ်တယ်။ ဒါဟာ တရားစီရင်ရေးရဲ့ မညီမျှမှုလို့ မြင်တယ်။ နောက်တစ်ခုက ၅၀၅(က)က ဘယ်သူက စွဲခွင့်ရှိတာလဲဆိုတဲ့ ပြဿနာက ယနေ့အချိန်ထိ တရားရေးကိစ္စမှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်” ဟု လွတ်လပ်စွာပြောရေးဆိုခွင့် အသံ(လွတ်လပ်စွာထုတ်ဖော်ပြောခွင့်လှုပ်ရှားမှုအဖွဲ့)မှ မောင်ဆောင်းခက ပြောသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့မှုများသည် တပ်မတော် ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလို ပြုလုပ်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း အာရုံစိုက်ပေးကြရန် တရားရုံး အထွက်တွင် ပြောဆိုခဲ့သေးသည်။

“ အရေးကြီးတာက အခြေခံဥပဒေ ပြင်ဆင်ရေးပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့အတူ အားလုံးညီညီ ညွှတ် ညွှတ် ဆက်လက်ချီတက်ကြပါလို့ ပြောချင်ပါတယ်” ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှု ကျန်ရှိနေသေးသည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်၏ရပ်တည်မှုနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ဝေဖန်ရေးသားမှု ၁၁ ချက်အတွက် တပ်မတော်မှ ပုဒ်မ ၆၆ (ဃ) (ပ နံပတ် ၈၀၇/၂၀၁၉) ဖြင့် အင်းစိန်ရဲစခန်းတွင် မတ်၂၉ ရက်နေ့က လည်းကောင်း၊ ဧပြီ ၂ ရက်တွင် ယင်းဝေဖန်ရေးသားချက် ၁၁ ချက် အတွက် အင်းစိန်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တပ်မတော်က ထပ်မံအမှုဖွင့်ခဲ့သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly