ရေဆူဆေးပြားသောက်တာ ကောင်းလား

ရေဆူဆေးပြားသောက်တာ ကောင်းလား

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေခွက်လေးထဲပစ်ထည့်လိုက်ရင် ရေလေးတွေဆူလာပြီး အမြှုပ်လေးတွေတက်လာတာကို သဘောကျလို့ ငယ်ငယ်ကတည်းက သောက်ခဲ့ဖူးမယ်ထင်ပါတယ်နော်။ ဒီရေဆူဆေးပြားလေးတွေက အမြှုပ်လေးတွေတက်လာလို့ ကြည့်လို့ကောင်းတယ်ဆိုတာထက် တော်တေ်ာလေးပိုပါတယ်။ ဖျော်ရည်လေးလို အရသာကောင်းကောင်းနဲ့ သောက်လို့ကောင်းရုံတင်၊ လန်းဆန်းသွားစေရုံတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဓာတ်တွေကိုပါဖြည့်စွမ်းပေးပါသေးတယ်။

ရေဆူဆေးပြားသောက်တာကောင်းလား………
ရေဆူဆေးပြားကို သောက်ဖို့ ရေတစ်ခွက်ပဲလိုတာပါ။ ရေတစ်ခွက်ရှိရုံနဲ့ အဆင်ပြေပြေသောက်လို့ရပါတယ်။ ဆေးကြောက်တဲ့သူတွေအတွက်ဆိုရင်လည်း တော်တော်လေးအဆင်ပြေစေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ဖျော်ရည်လို အရသာရှိတဲ့ရေလေးတစ်ခွက်သောက်ရုံနဲ့ ရရှိမယ်ဆိုတော့ရေဆူဆေးပြားသောက်တာ ကောင်းတယ်၊ လို့ပဲပြောရမှာပါ။

ရေဆူဆေးပြား နဲ့ သောက်ဆေးတွေဘာကိုရွေးမလဲ………..
ဆေးတိုက်ရခက်တဲ့သူတွေ၊ မျိုချရခက်ခဲနေတဲ့သူတွေ၊ အသက်အရွယ်ကြီးရင့်နေတဲ့ ဖိုးဖိုးဖွားဖွားတွေနဲ့ ဆေးကြောက်တတ်တဲ့ကလေးတွေအတွက်ကတော့ ရေဆူဆေးပြားက အဆင်ပြေပါလိမ့်မယ်။ အချို့သောလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကိုပြည့်စုံဖို့ မဖြစ်မနေဆေးသောက်ဖို့လိုမယ်။ ဒါပေမယ့် ဆေးသောက်ဖို့အတွက် မလွယ်ကူဘူး၊ဆိုရင် ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမး်တစ်ရပ်အနေနဲ့လည်း ရေဆူဆေးပြားတွေကိုသုံးပေးလို့ရပါတယ်။

ရေဆူဆေးပြားဝယ်တဲ့အခါမှာတော့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်ရဲ့လားဆိုတာကို သေချာလေးရွေးချယ်မိဖို့တော့လိုပါမယ်။ ဒါပေမယ့် ရေဆူဆေးပြား အများစုမှာ ကိုယ်တွင်းသွေးပမာဏကို ထိန်းညှိပေးနိုင်ပြီး ကြွက်သားနဲ့အာရုံကြောလုပ်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးတဲ့ ဆိုဒီယမ်ကလိုရိုက်ပါဝင်နေပါတယ်။ ဒါ့အပြင် ရေဆူဆေးပြားဝယ်တဲ့အခါ ဗီတာမင် C ပါတာကို ရွေးချယ်ဝယ်ယူမယ်ဆိုရင် ကိုယ်ခံအားကို ကောင်းစေပြီး အသားအရေကိုကြည်လင်စေမှာပါ။ စိတ်ပင်ပန်းတာကို သက်သာစေပြီး၊ သွားနဲ့ သွားဖုံးပြဿနာတွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်နေတဲ့အခါမျိုးမှာရော၊ အအေးမိတုပ်ကွေးကို ကာကွယ်တဲ့အနေနဲ့ပါ သောက်သုံးပေးလို့ရပါတယ်။

အရိုးအဆစ်တွေနဲ့ သွားတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်ကတော့ ကယ်လ်ဆီယမ်ပါတဲ့ ရေဆူဆေးပြားမျိုးကအဆင်ပြေစေမှာပါ။ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာသန်စွမ်းဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါ့အပြင် ဇင့်နဲ့ အခြားဆေးဖက်ဝင် အပင်တွေကို ထည့်သွင်းထုတ်လုပ်ထားတဲ့ ရေဆူဆေးပြားတွေကိုသောက်သုံးပေးမှုက ခန္ဓာကိုယ်ကို မှိုတွေ၊ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒါ့အပြ်ငနေ့စဉ်ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေကြောင့် ကျန်းမာရေးမထိခိုက်အောင်ကာကွယ်ပေးမှာဖြစ်တဲ့အပြင် လှုပ်ရှားမှုကြောင့် ချွေးထွက်တဲ့အခါ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။

အစာအိမ်ထဲကို ဆေးလုံးအနေနဲ့မဟုတ်ဘဲ အရည်အနေနဲ့ ရောက်ရှိသွားမှာဖြစ်တဲ့အတွက် အစာအိမ်နံရံတွေက အာဟာရဓာတ်တွေကို ခပ်မြန်မြန်စုပ်ယူနိုင်စေမှာဖြစ်တာကြောင့် ထိရောက်မှုအာနိသင်ကလည်းပိုကောင်းမှာပါ။ ချွေးထွက်များတဲ့အချိန်၊ ဝမ်းသွားနေတဲ့အချိန်တွေမှာ ရေဆူဆေးပြားသောက်သုံးပေးတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို မြန်မြန်ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။ ရေသောက်နည်းတဲ့သူတွေအတွက်ဆိုလည်း ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးနိုင်မယ့် အထိရောက်ဆုံးနည်းလမး်တစ်ခုပါ။ နွေရာသီလိုပူပြင်းတဲ့ရာသီအခြေအနေမှာ ရေဓာတ်မဆုံးရှုံးစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ရေလိုပဲသောက်ရတာဖြစ်တဲ့အတွက်ကြောင့် ဆေးလုံးနင်မှာကိုလည်း ပူစရာမလိုပါဘူး။ အခြားသောက်ဆေးတွေလို အပေါ်က Coating တစ်ထပ်မပါတာကြောင့် ဆေးအာနိသင်တွေကို ထိထိရောက်ရောက်ရရှိစေနိုင်မှာပါ။ ဆေးသောက်ရမှာကြောက်တဲ့သူတွေအနေနဲ့ အရသာရှိရှိနဲ့ သောက်သုံးနိုင်မယ့် ဆေးတစ်မျိုးပါ။ တစ်ခုပဲ သတိထားဖို့လိုတာက လိုအပ်ချက်နဲ့ ကိုက်ညီအောင် ရွေးချယ်ပေးဖို့့ပါ။

ကဲ…..ဆေးသောက်ရမှာကြောက်တဲ့သူလေးတွေအတွက် လိုအပ်တဲ့ဓာတ်တွေကို ရေဆူဆေးပြားလေးကနေတဆင့် ရယူလိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly