လိပ်ကျွန်းလူသတ်မှု၏ အယူခံရှုံးနိမ့်မှုအတွက် ရက် ၆၀ အတွင်း ထိုင်းဘုရင်ထံ အသနားခံစာ တင်မည်

လိပ်ကျွန်းလူသတ်မှု၏ အယူခံရှုံးနိမ့်မှုအတွက် ရက် ၆၀ အတွင်း ထိုင်းဘုရင်ထံ အသနားခံစာ တင်မည်
Photo - EPA

ရန်ကုန်၊ သြဂုတ် ၂၉ ။         ။ ဗြိတိန်လူမျိုးကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦး၏ အယူခံကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးမှ ပယ်ချလိုက်သဖြင့် ထိုင်းဘုရင်ထံ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများ အရေးလှုပ်ရှားသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးထူးချစ်က မဇ္စျိမသို့ပြောသည်။

“ထိုင်းဘုရင်ထံ အယူခံဝင်ရမှာပေါ့။ ဒါကတော့ ထိုင်းနိုင်ငံရဲ့တရားရေး လုပ်ထုံးလုပ်နည်းအရပေါ့။ ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်ဆီ အသနားခံစာတင်ရမယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ရက်တွင် တရားမျှတရေးဌာနရှိ ပြစ်မှုဆိုင်ရာတရားရုံး၌ ဗွီဒီယိုကွန်ဖရင့်ခေါ်ဆိုကာ ချမှတ်ခဲ့သည့် အဆိုပါအမိန့်သည် ယခင်ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်တွင် ချမှတ် ခဲ့သည့် သေဒဏ်အမိန့်ကို ထပ်မံအတည်ပြုခဲ့ခြင်းသာဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့တင်ပြခဲ့သည့် လိပ်ကျွန်းအမှုအတွက် ဝင်ခဲ့သော အယူခံရှုံးသောကြောင့် ဝင်းနှင့် ဇော်တို့အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ  ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံရှိ လိပ်ကျွန်းတွင် နိုင်ငံခြားခရီးသွားနှစ်ဦး၏ အလောင်းအား စိုင်ရီကမ်းခြေ တွင်တွေ့ရှိခဲ့ပြီ သေဆုံးသူများမှာ အင်္ဂလန်နိုင်ငံမှ မစ္စတာဒေးဗစ် မီလော် အသက် ၂၄ နှစ်နှင့် မစ္စ ဟာနာဗစ်တိုရီယာ အသက် ၂၃ နှစ် တို့ဖြစ်ကြောင်း ထိုင်းရဲက အတည်ပြုခဲ့သည်။

ထို့နောက် ထိုင်းရဲအရာရှိများ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိပြီး ၎င်းတို့မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြသည်။

 

တရားခံ နှစ်ဦးစလုံးသည် အင်္ဂလန်နိုင်ငံသူအား မုဒိန်းကျင့်ခြင်းနှင့် လူသတ်ခြင်းအမှုဖြစ်သော်လည်းကောင်း၊ အင်္ဂလန် နိုင်ငံသားအား လူသတ်ခြင်းအမှုဖြင့်သော်လည်းကောင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၌ အခြေခံတရားရုံးအဆင့်တွင် အမိန့်ချခဲ့သည်။

ထို့နောက် တရားခံရှေ့နေအဖွဲ့မှ အခြေခံတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး လိုအပ်သည့် အချက်အလက်များ စုဆောင်းကာ အယူခံတရားရုံးတွင် အယူခံတင်သွင်းခဲ့သည်။ သို့သော် အယူခံအဆင့်ဆင့် ရှုံးနိမ့်ခဲ့ရ၍ ထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးသို့ အယူခံ ထပ်မံတင်သွင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ယနေ့တွင်(သြဂုတ် ၂၉)  ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးမှ မူလ တရားရုံး၏သေဒဏ်အမိန့်ကိုသာ ဆက်လက်တည်ပြုခဲ့ သောကြောင့် ထိုင်းဘုရင်ထံ အသနားခံစာတင်ရန်သာ ကျန်ရှိတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly