ဆေးစစ်ဖို့ မီလန်မြို့ကို ရောက်လာတဲ့ ဆန်းချက်ဇ်ကို အင်တာပရိသတ်တွေ နွေးထွေးစွာ ကြိုဆို

ဆေးစစ်ဖို့ မီလန်မြို့ကို ရောက်လာတဲ့ ဆန်းချက်ဇ်ကို အင်တာပရိသတ်တွေ နွေးထွေးစွာ ကြိုဆို
Photos: EPA

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ဟာ အင်တာမီလန်ကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာတော့ ချီလီလက်ရွေးစင်ကြယ်ပွင့်ဟာ မီလန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းနဲ့ ဆေးစစ်မှုပြုလုပ်ဖို့ လေဆိပ်ကို ရောက်လာခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ နာမည်ကို အင်တာပရိသတ်တွေက ဝိုင်းဝန်းကြွေးကြခဲ့ကြပြီး နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြသလို အသက် (၃၀)အရွယ် ကစားသမားကလည်း ပရိသတ်တွေကို လက်ပြနှုတ်ဆက် ဓာတ်ပုံအရိုက်ခံခဲ့တယ်လို့ Sky Sports Italia နဲ့ Gazzetta Dello Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆန်းချက်ဇ်ဟာ တနင်္လာနေ့က အင်တာအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း လူကာကူနဲ့ ပူးပေါင်းတော့မှာပဲဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီက အာဆင်နယ်အသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ပရီးမီးယားလိဂ် (၃၂)ပွဲမှာ လိဂ် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အင်တာတို့ရဲ့ကြား ပြောဆိုဆွေးနွေးမှုဟာ အင်္ဂါနေ့ညနေပိုင်းမှာ နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်ရှိခဲ့ကြပြီး နောက်ဆုံးမှာတော့ ကလပ်နှစ်သင်းဟာ ဆန်းချက်ဇ်အတွက် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်က ဆန်းချက်ဇ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် (၄)သိန်းထဲက (၃)သိန်းကို ဆက်လက် ပေးချေရမှာဖြစ်ပြီး အင်တာက အငှားစာချုပ် သဘောတူညီချက်အရ ၂၀၂၀ ခုနှစ် ၊ ဇွန်လအထိ ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် (၁)သိန်း ပေးချေသွားရမယ်လို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အင်တာဟာ ဆန်းချက်ဇ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးပြုလုပ်ခဲ့မယ်ဆိုရင် ချီလီလက်ရွေးစင်ကစားသမားဟာ ထွက်ခွာနိုင်ကြောင်း ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ယခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကယ်ဂလီယာရီအသင်းနဲ့ စီးရီးအေ အဝေးပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly