လယ်ယာမြေ ပုံစံခုနစ်ရရှိရေးအတွက် ဝါးစိမ်းတောင်ဒေသ မြေယာ ကဏ္ဍရင်ဖွင့်သံပွဲ ကျင်းပ

လယ်ယာမြေ ပုံစံခုနစ်ရရှိရေးအတွက် ဝါးစိမ်းတောင်ဒေသ မြေယာ ကဏ္ဍရင်ဖွင့်သံပွဲ ကျင်းပ
ဓာတ်ပုံ - စောစံ

မုံရွာ၊သြဂုတ် ၂၉ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ရှိ ချင်းတွင်းအင်စတီကျူ့ရုံးတွင် ဝါးစိမ်းတောင်ဒေသမှ တောင်သူများ စုပေါင်း ကာ တောင်သူပေါင်း ၁၅ဝကျော်၊ မြေဧကပေါင်း ၁၂၀၀ ခန့်အတွက် ပုံစံခုနစ်ရရှိရေး ဝါးစိမ်းတောင်ဒေသ မြေယာ ကဏ္ဍရင်ဖွင့်သံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် ဒေသခံကျေးရွာများဖြစ်သော တရော်ကျင်း၊ အိုးဘို၊သပြေအေး၊ ကျောက်ပြုတ်၊(တောင်ပု အုပ်စု) မှပြည်သူများ ၊ ယင်းမာပင်ကျေးရွာမှ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းကာ လူအင်အား ၇၀ နီးပါးဖြင့် ကျင်းပခဲ့ကြသည်။

" သက်ဆိုင်ရာဌာနတွေကို စာတင်ပြီးတောင်းခဲ့ပေမယ့်အခုချိန်ထိ ပုံစံ ခုနစ်ဖြစ်ခွင့်မရသေးဘူး။ တောင်သူတွေဟာ အမှန်တကယ်လုပ်ကိုင်စားသောက်နေတဲ့သူတွေဖြစ်တယ်။ မြေခွန်မြေစာတွေအပြည့်အစုံရှိတယ်။ ၁၂/၁၃ ဥပဒေအရ တောင်သူတွေမှာ ဆိုင်ရာဆိုင်ခွင့်တွေ အပြည့်အစုံရှိနေရဲ့သားနဲ့ မပေးတဲ့အတွက် ဥပဒေနဲ့အညီ ရအောင် သစ်တောကနေ ပြန်လည်စွန့်လွတ်နိုင်အောင် ရင်ဖွင့်သံ လုပ်တဲ့ပွဲဖြစ်တယ်” ဟု သပြေအေးကျေးရွာမှ ဒေသခံ ဦးလှမင်းနိုင်က မဇ္စျိမသို့ ပြောသည်။

ထို့အပြင် တောင်သူများအနေဖြင့် ပုံစံ ခုနစ်မရှိသောကြောင့် ကျန်းမာရေးတစ်စုံတရာ၊ ငွေကြေးအခက်အခဲ ဖြစ်ပေါ်ပါက ကုသစရိတ်ရရှိရန် ရောင်းချခွင့်၊ပေါင်နှံခွင့်ဆုံးရှုံးနေခြင်း သားစဉ်မြေးဆက် အမွေလွဲပေးပိုင်ခွင့် မရှိခြင်းများကို ရင်ဆိုင်နေရကြောင်း ဝါးစိမ်းတောင် ဒေသခံများ ဆိုသည်။

အဆိုပါမြေယာများကို သစ်တောဌာနမှ ကြိုးတွင်း၊ကြိုးပြင်ခွဲကာ ဧက ၄၀၀ ကျော်အား ပြန်လည်စွန့်လွှတ် ခဲ့သည်။ သို့သော် တောင်သူများအနေဖြင့် စွန့်လွှတ်မြေများကို တန်းတူမရရှိသောကြောင့် လက်ခံခြင်း မရှိခဲ့ဘဲ ဧက ၁၂၀၀ ရရှိရေးအတွက်သာ တောင်းဆိုခဲ့ကြောင်း သိရသည်။

၂၀၁၂- ၁၃ မြေယာဥပဒေတွင် တောင်သူများ သီးနှံမြေခွန်၊ပြေစာဆောင်ခဲ့ရသည့် သက်သေခံဖြတ်ပိုင်းများ ရှိသည်ဆိုပါက တောင်သူပိုင်မြေဖြစ်ပြီး ပုံစံ (၇)ချပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly