လိပ်ကျွန်းလူသတ်မှု မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံ ယနေ့ အမိန့်ချမည်

လိပ်ကျွန်းလူသတ်မှု မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံ ယနေ့ အမိန့်ချမည်
Photo: EPA

သြဂုတ် ၂၉

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ယနေ့ သြဂုတ် ၂၉ ရက်မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

မြန်မာ လုပ်သားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ဟာ ထိုင်းအားလပ်ရက် အပန်းဖြေကျွန်းမှာ ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်တဲ့ ဒေးဗစ် မေလာနဲ့ ဟန်နာဝစ်သာရစ်တို့အား သတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။

ယခု မြန်မာလုပ်သားနှစ်ဦးရဲ့ အမှုမှာ သက်သေအထောက်အထားတွေဟာ ရှင်းလင်းနေပြီဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောထားခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ယင်း ပြစ်ဒဏ်ချမှတ်မှုကို အောက်တရားရုံးတစ်ခုက ဆက်လက်အတည်ပြုထားခဲ့ပါတယ်။

ဒါပေမယ့် ယခုအမှုမှာ အာဏာပိုင်တွေဘက်က စုံစမ်းစစ်ဆေးမှုနဲ့ DNA အထောက်အထားပိုင်းကို မှားယွင်းစွာ ကိုင်တွယ်ခဲ့သလို မြန်မာလုပ်သားနှစ်ဦးကိုလည်း အတင်းအကျပ် ဖိအားပေး ဝန်ခံခိုင်းခဲ့တယ်ဆိုပြီး တရားခံရှေ့နေတွေကတော့ ခုခံချေပမှုတွေ ရှိထားပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါ လူသတ်မှုအတွက် သေဒဏ်ချခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးရဲ့ ကံကြမ္မာကိုတော့ ယနေ့ နောက်ဆုံးအယူခံ အမိန့်ချမှတ်ချိန်မှာ သိရှိရတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly